ကျား-မ ရေးရာ သင်တန်းများ မိုင်းခတ်မြို့နယ် ကျေးရွာ ၁၉ ရွာတွင် ပို့ချပြီးစီး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် စီမံကိန်းမှ ချ မှတ်ထားသော ကျား-မရေးရာမူဝါဒများအား လက်တွေ့ထည့်သွင်းလုပ်ဆောင်နိုင်ရန်အတွက် ကျား-မရေးရာသင်တန်းများကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အတွင်း ကျေးရွာအုပ်စုပေါင်း ၁၂ စုမှ ကျေးရွာပေါင်း ၁၉ ရွာတို့တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကျား ၄၈၄ ဦး၊ မ ၄၆၁ ဦး၊ စုစုပေါင်း ၉၄၅ ဦးအား သင်တန်း ပို့ချ ပြီးစီးခဲ့ပြီး ဖြစ်သည်။

သင်တန်း ပို့ချရာတွင် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျား-မရေးရာတာဝန်ခံ ဒေါ်ခင်မာဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျား-မရေးရာတာဝန်ခံ ဒေါ်အေးမေတို့က မိုင်းခတ်မြို့နယ် အတွင်း ကျား-မ ရေးရာ သင်တန်းများကို ဦးစီးပို့ချပေးခဲ့ပြီး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စုများမှာ လက်ထောက် နည်းပညာမှူး ၃ ဦး၊ လူထုစည်းရုံးရေးမှူး ၁၆ ဦးတို့က ကျေးရွာများရှိ အာခါ၊ အားခေ၊ လားဟူ၊ ရှမ်း၊ အင်လူမျိုးစုများဖြစ်ကြသော ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များကို အာခါ၊ လားဟူ၊ ရှမ်းဘာသာ (၃) မျိုးဖြင့် ပို့ချပေးခဲ့ကြသည်။

သင်တန်းများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အမျိုးသမီးများ ပူးပေါင်းပါဝင်နိုင်ဖို့ အရေးကြီးပုံ၊ အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်း ပိုမိုကောင်းမွန်အောင် ပံ့ပိုးနိုင်မည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရေး၊ အမျိုးသမီးထု စွမ်းဆောင်ရည်မြှင့်တက်စေရန် အခွင့်အလမ်းများရရှိစေနိုင်စေရေး၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ရရှိလာစေရေးတို့အတွက် ကျေးရွာကော်မတီဝင်များ ကိုယ်တိုင် နားလည် သဘောပေါက်ပြီး၊ ရွာသူရွာသားများအား ဆင့်ပွားမျှဝေကာ စီမံကိန်း လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ရာတွင် လက်တွေ့ထည့်သွင်း လုပ်ဆောင်သွားနိုင်ရန် ရည်ရွယ်ပို့ချခြင်း ဖြစ်သည်။

သင်တန်းများတွင် ကျေးရွာ ကျား-မ ရေးရာ ကော်မတီဝင်များကလည်း ဒေသတွင်းရှိ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲ၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။