လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်း မြို့နယ်တစ်မြို့နယ် ထပ်မံ တိုးချဲ့ ဆောင်ရွက်နိုင်ရေး မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေး တောင်ကြီးတွင် ကျင်းပ

စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်တစ်မြို့နယ်မှာ ထပ်မံ တိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်း ပါဝင်အားဖြည့်ပေးတဲ့ အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး၊ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ အီတလီ အစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေ နဲ့ ပြည်ထောင်စု အစိုးရမှ ထည့်ဝင်ငွေတွေနဲ့ လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်များရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတာကို သိရှိရပါကြောင်း၊ စီမံကိန်း သတ္တနှစ် စက်ဝန်းမှာ မြို့နယ် ၁၃ မြို့နယ် တိုးချဲ့ လျာထားချက်အရ ရှမ်းပြည်နယ်မှာ မြို့နယ် တစ်မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အနေနဲ့ လက်ရှိအထိ မြို့နယ် ၅ မြို့နယ် ဖြစ်တဲ့ နမ့်ဆန်၊ ဆီဆိုင်၊ မဘိမ်း၊ မိုင်းခတ်နဲ့ မောက်မယ်မြို့နယ်တို့ရှိ ကျေးရွာအုပ်စုပေါင်း ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၇၀၅ ရွာ၊ အခြေခံ အဆောက်အအုံ အမျိုးအစားပေါင်း ၁၂၃၀ တို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ အောင်မြင်မှုများ ရရှိနေပါကြောင်း၊ ရွေးချယ်ခြင်း မခံရတဲ့ မြို့နယ်များအနေနဲ့ စိတ်ပျက်စရာ မလိုပဲ၊ စီမံကိန်း အောင်မြင်တာနဲ့အမျှ၊ ကမ္ဘာ့ဘဏ်နဲ့ အခြား ဖွံ့ဖြိုးရေး အေဂျင်စီ အသီးသီးက ထပ်မံပေးလာမယ့် အကူအညီများနဲ့ နိုင်ငံတော် အစိုးရဘတ်ဂျတ်၊ ရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ တစ်ဖြည်းဖြည်း ဆက်လက် အကောင်အထည် ဖော်ပေးသွားမှာ ဖြစ်ပါကြောင်း၊ ရွေးချယ်ခံရပြီး၊ မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးမှာ လုပ်ငန်းများ အကောင်အထည်ဖော်ပါက လိုအပ်တာများကို ဝိုင်းဝန်းကူညီပြီး၊ စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်မှ အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်းမှ ရှမ်းပြည်နယ်အတွင်း စီမံကိန်း ၅ မြို့နယ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

သတင်း - တောင်ကြီး သတင်းဌာနခွဲ၊ MRTV