ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ထီးလင်း  ဒီဇင်ဘာ  ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက စတုတ္ထနှစ် စီမံကိန်းစက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ငွေကြေးပိုင်းဆိုင်ရာ စာရင်းဇယာထားရှိမှု၊ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန် စေရန်နှင့် ပိုမိုကောင်းမွန်သော ဝယ်ယူရေးနည်းလမ်းများ အသုံးပြုနိုင်စေရန် စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များအား ကျေးရွာအဆင့် ဘဏ္ဍာရေးနှင့် ဝယ်ယူရေးဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ထီးလင်းမြို့နယ် သရခါကျေးရွာ ဘက်စုံ သုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ဝယ်ယူရေးတာဝန်ခံ ဦးဇော်ခိုင်ထွန်းနှင့် ဒေါ်အေးစိုးဦးတို့က စီမံကိန်းလက်စွဲစာအုပ်တွင်ပါရှိသော ဝယ်ယူရေးလုပ်ငန်းစဉ်နှင့်  ဝယ်ယူရေးဆိုင်ရာ အချက်အလက် များအား နားလည် စေရန်၊ ဝယ်ယူရေး ပုံစံများအား ပိုမိုနားလည်စေရန် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဘဏ္ဍာရေးပိုင်ဆိုင်ရာ လုပ်ငန်းစဉ်နှင့် စာရင်းရေးသွင်းခြင်းကို နည်းပညာအကြံပေးအဖွဲ့မှ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်မေဇင်ငြိမ်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘဏ္ဍာရေးတာဝန်ခံ ဒေါ်ဆုမွန်ဝင်းတို့က ငွေစာရင်းထိန်းသိမ်း နည်းလမ်းများနှင့် ဖြည့်သွင်းမှုပုံစံများ၊ ရန်ပုံငွေသုံးစွဲမှု မှန်ကန်စေရန်၊ ငွေစာရင်းဆိုင်ရာ အချက်အလက်များ စနစ်တကျထိန်းသိမ်းမှုရှိစေရေး စာတွေ့လက်တွေ့နှစ်မျိုးဖြင့်(၁)ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို သင်တန်းဆရာ၊ ဆရာမများ၊ ထီးလင်းမြို့နယ်အတွင်းရှိ အညာဘန်းကျေးရွာ၊ အလယ်ဘန်းကျေးရွာ၊ အကြည်ဘန်းကျေးရွာ၊ ညောင်ကျေးရွာ၊ ညောင်ဟောင်းကျေးရွာ၊ ဘူးတောင်းကျေးရွာ၊ တင်းချောင်းကျေးရွာ၊ အောင်းတောင်ကျေးရွာ၊ အောင်းကျေးရွာ၊ ကျားခဲကျေးရွာ၊ တောင်ဘက်ကျေးရွာနှင့် သရခါကျေးရွာတို့မှ ဝယ်ယူရေးကော်မတီဝင်နှင့် ဘဏ္ဍာရေးကော်မတီဝင် ၇၅ ဦးတက်ခဲ့သည်။

သတင်း - စိုးမိုးကျော်