ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဆောင်ရွက်ရန် ကျန်ရှိနေသော စီမံကိန်း လုပ်ငန်းခွဲများအတွက် ညှိနှိုင်းဆွေးနွေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု ဖွံ့ဖြိုးရေး စီမံကိန်းမှ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဆောင်ရွက်ရန် ကျန်ရှိနေသော ကျေးရွာများတွင် စီမံကိန်း မိတ်ဆက်ခြင်းနှင့် လုပ်ငန်းရွေးချယ်ရေး အတွက် အကြို ညှိနှိုင်းအစည်းအဝေးများကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က မုန်းကျေးရွာအုပ်စု၊ မုန်းကျေးရွာ ဘက်စုံသုံးခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် လူထု ဗဟိုပြု စီမံကိန်း ကော်မတီ ဝင်များ အပါအဝင် ကျေးရွာသူ ကျေးရွာသား စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်က အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဒေသတွင်း ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ကျေးရွာလူထုနှင့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေပုံနှင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည့် အချက်အလက်များကို ရှင်းလင်း ပြောကြားပြီး၊ ကျေးရွာများအနေဖြင့်လည်း မိမိတို့ ကျေးရွာအတွက် အမှန်တစ်ကယ်လိုအပ်သော လုပ်ငန်းများကို ရွေးချယ်နိုင်စေရေး ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ကျောက်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကိုမှ ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း ဖွံ့ဖြိုးရေး စီမံကိန်း ရည်ရွယ်ချက်၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်း ပြောကြားပြီး၊ စီမံကိန်း လုပ်ငန်းများတွင် လူထု ပူးပေါင်းပါဝင်မှု အားကောင်းမှသာ စီမံကိန်းကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမို မြှင့်မားလာမည် ဖြစ်သဖြင့် အားလုံး အတူတစ်ကွ ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကျေးရွာအုပ်စု တာဝန်ကျ ဝန်ထမ်းများက စီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲပါ စီမံကိန်း သဘောတရားနှင့် လုပ်ထုံးလုပ်နည်းများ၊ နည်းပညာဆိုင်ရာ လိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသူများထံမှ မရှင်းလင်းသည့် အချက်များကို မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ တက်ရောက်လာသူများထံမှ သဘောထား မှတ်ချက်ရယူခဲ့ပါသည်။