လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းမှ တိုးချဲ့မြို့နယ် ၁၃ မြို့နယ် ရွေးချယ်ခြင်း ဆွေးနွေးပွဲများ ကျင်းပမည်

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (National Community Driven Development Project - NCDDP) ကို ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် ဒေသကြီး (၁၅) ခုမှ မြို့နယ် (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုစီမံကိန်း အဌမမြောက်နှစ်တွင် မြို့နယ်အားလုံး ပါဝင်ပြီးဖြစ်သော နေပြည်တော် ပြည်ထောင်စု နယ်မြေနှင့် ကယားပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတို့မှ မြို့နယ် တစ်မြို့နယ်စီဖြင့် စုစုပေါင်း မြို့နယ်(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်သွားရန်အတွက် မြို့နယ် ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်၏ မြို့တော်များတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမကထပြုကာ ယခုနှစ် အစောပိုင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အစည်းအဝေးများသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကမ္ဘာဘဏ်မှ ကိုယ်စားလှယ်များ၊ အလှူရှင် နိုင်ငံ/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသ အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများအား ဖိတ်ကြားကာ ကျင်းပသွားမည်ဖြစ်သည်။

စီမံကိန်း မြို့နယ် ရွေးချယ်ရာတွင် ပြည်သူ့အင်အား ဦးစီးဌာနမှ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသော “ရှုထောင့် နယ်ပယ်စုံ ချို့တဲ့မှု အညွှန်းကိန်း” (Multi-dimensional disadvantage – MDI) မှ အချက်အလက်များကို အခြေခံကာ ဖွံ့ဖြိုးမှု အနည်းပါးဆုံးနှင့် ပြင်ပမှ အကူအညီ ရရှိမှု အနည်းပါးဆုံး မြို့နယ်များကို ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။

ရွေးချယ် ရရှိလာသော မြို့နယ်အပေါ်တွင် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး နှင့် အဖွဲ့အစည်းများ၏ လိုလားမှုနှင့် စီမံကိန်းမှ စွမ်းဆောင်နိုင်မှုတို့ကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သဘောထား မှတ်ချက်ပြုပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ ပေးပို့ကာ ၎င်းမှတစ်ဆင့် စီးပွားရေးရာ ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူမည် ဖြစ်သည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကမ္ဘာဘဏ်မှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ နှင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ၊ အီတလီ အစိုးရမှ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၃ သန်းနှင့် ချေးငွေ အမေရိကန်ဒေါ်လာ ၂၂ သန်း ၊ UK Department for International Development (DFID) မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃ သန်းနှင့် ပြည်ထောင်စု အစိုးရ ထည့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄၁ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၄၉ သန်း ဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (NCDDP) ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၆၃ မြို့နယ်တွင် အကောင်အထည် ဖော်လျက်ရှိရာ မူလ ရန်ပုံငွေ မှ ပိုလျှံငွေနှင့် Japan Social Development Fund (JSDF) မှ ထောက်ပံ့ငွေ ဒေါ်လာ ၂၅ သန်းဖြင့် နောက်ထပ် စီမံကိန်း မြို့နယ် ၁၃ မြို့နယ်ကို ၂၀၂၀ ခုနှစ်ဆန်းပိုင်းတွင် ရွေးချယ်ကာ တိုးချဲ့ဆောင်ရွက်ရန် လျာထားခြင်း ဖြစ်သည်။

စီမံကိန်း၏ ရည်ရွယ်ချက်များမှာ ရပ်ရွာကရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံ များတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒေသအာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့မှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊ စီမံကိန်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်စေခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း စသည်တို့ ဖြစ်သည်။