စီမံကိန်း ဦးစားပေးမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေး ဘားအံမြို့တွင် ကျင်းပ

ကမ္ဘာဘဏ်နှင့် အခြားဖွံ့ဖြိုးရေးဆိုင်ရာမိတ်ဖက်များ၏ ပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်အကောင်အထည် ဖော်လျက်ရှိသော လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း (National Community Driven Development Project - NCDDP) ကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်တိုး မြို့နယ် တစ်နယ် တိုးချဲ့ဆောင်ရွက်ရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် အခြား စိတ်ပါဝင်စားသူ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ကြသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ‌‌ဒေါ်နန်းခင်ထွေးမြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန နေပြည်တော် ရုံးချုပ်မှ ဒုတိယ ညွှန်ကြာရေးမှူးချုပ် ဦးမောင်ဝင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ ညွှန်ကြားရေးမှူး လူထုဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင်က စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် စီမံကိန်းရွေးချယ်ရေး စည်းမျဉ်းများ လမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြား ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက အဖွဲ့ ၁၀ ဖွဲ့ခွဲကာ စီမံကိန်းမြို့နယ်ရွေးချယ်မှုများ ဆောင်ရွက်ခဲ့ပြီး၊ ကရင်ပြည်နယ်ရှိ စီမံကိန်း လုပ်ဆောင်ရန် ကျန်ရှိနေသော မြို့နယ်များမှ ပထမဦးစားပေးအဖြစ် သံတောင်ကြီးမြို့နယ် နှင့် ဖာပွန်မြို့နယ် ဒုတိယ ဦးစားပေးကို မြဝတီမြို့နယ်၊ တတိယ ဦးစားပေးကို ဘားအံမြို့နယ်ကို လည်းကောင်း သတ်မှတ်ရွေးချယ်ခဲ့ကြပြီး၊ နိဂုံးချုပ်အနေဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ပြည်နယ်ဝန်ကြီး ဦးစောမြင့်ဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

ရွေးချယ် ရရှိလာသော မြို့နယ်များမှ အဖွဲ့အစည်းများ၏ လိုလားမှု၊ စီမံကိန်းမှ စွမ်းဆောင်နိုင်ခြေ စီမံကိန်း လုပ်ငန်များ ဆောင်ရွက်ရန်အတွက် လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတို့ပေါ်မူတည်ကာ သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဦးစားပေး မြို့နယ်တစ်မြို့နယ်ကို သဘောထား မှတ်ချက်ပြုပြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စု ဝန်ကြီးဌာနသို့ ပေးပို့ကာ ၎င်းမှတစ်ဆင့် စီးပွားရေးရာ ကော်မတီသို့ တင်ပြ အတည်ပြုချက် ရယူမည် ဖြစ်သည်။

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းကို မြို့နယ်အားလုံး ပါဝင်ပြီး ဖြစ်သော နေပြည်တော် ပြည်ထောင်စု နယ်မြေနှင့် ကယားပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ် ၁၃ ခုတို့မှ မြို့နယ် တစ်မြို့နယ်စီဖြင့် စုစုပေါင်း မြို့နယ်(၁၃)မြို့နယ် တိုးချဲ့ဆောင်ရွက်သွားရန်အတွက် သက်ဆိုင်ရာ ဒေသများ၏ မြို့တော်များတွင် စီမံကိန်းမြို့နယ် ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အပြီးကျင်းပရန် ရှိပါသည်။