ပေါက်မြို့နယ် ကျေးရွာမီးလင်းရေးလုပ်ငန်း လူထုစစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာမီးလင်းရေးလုပ်ငန်း လူထုစစ်ဆေးပွဲအခမ်းအနားအား ပေါက်မြို့နယ် ချောင်းနားကျေးရွာအုပ်စု၊ ချောင်းနားရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်(၉)နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

အခမ်းအနားတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ကာ နည်းပညာအကြံပေး ကျား/မ ရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သတ်၍ရှင်းလင်းပြောကြားခဲ့ကာ အဆိုပါမီးလင်းရေးလုပ်ငန်းသည် ကျေးရွာလူထုကိုယ်တိုင်ရွေးချယ်ခဲ့ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်သည်။ ကျေးရွာလူထုအနေဖြင့် မီးလင်းရေးလုပ်ငန်းအား ဆောင်ရွက်ပြီးမှုအပေါ် အားရကျေနပ်မှု ရှိ/မရှိ ကျေးရွာ လူထုသဘောထားခံယူစစ်ဆေးပွဲဖြစ်ကြောင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ကျေးရွာ မီးလင်းရေးကော်မတီဝင်များက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းနှင့် ပတ်သက်၍ စာရင်းဇယားများ ချပြရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာလူထုကလည်း အားရကျေနပ်မှုရှိကြောင်း သိရသည်။

 

အဆိုပါ မီးလင်းရေးလုပ်ငန်းအား လူထုဗဟိုပြုစီမံကိန်းထောက်ပ့ံငွေကျပ်(၁၆၉)သိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

စိုးမိုးကျော်