လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်း သင်တန်းဖွင့်လှစ်

ထီးလင်း  ဇန်နဝါရီ  ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် ဝေဖန်အကြံပြုတိုင်ကြားချက် ဖြေရှင်းရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီ အချိန်က အညာဘန်းကျေးရွာအုပ်စု၊ အညာဘန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေးအဖွဲ့ ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးတာဝန်ခံ ဦးကျော်ဇေယျက ဝေဖန်အကြံပြုစနစ်ထားရှိရခြင်း၏ ရည်ရွယ်ချက်မှာ အကြံပြုတိုင်းကြားနိုင်သောစနစ်ကို စီမံကိန်းဝန်ထမ်းများ၊ ကော်မတီဝင်များ၊ ကန်ထရိုက်တာများ၊ ကျေးရွာသူကျေးရွာသားများ အပါအဝင် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူ အားလုံး သိရှိနားလည်စေရန်၊ ဖြစ်ပေါ်လာသော ပြဿနာများကို စေ့စပ်သေချာသော လုပ်ထုံး လုပ်နည်း များဖြင့် ဖြေရှင်းနိုင် စေရန်၊ စီမံကိန်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည့် ပြဿနာ၊ အတားအဆီး၊ အနှောက်အယှက်မှန်သမျှကို အထောက်အထား ခိုင်လုံစွာဖြင့် ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။

အဆိုပါသင်တန်းတွင် လူထုဗဟိုပြုစီမံကိန်းကျေးရွာကော်မတီဝင်များကို ဝေဖန်အကြံပြု တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဝေဖန်အကြံပြု တိုင်ကြားစာ ပေးပို့တိုင်ကြားနိုင်သောနေရာများ၊ ဝေဖန်အကြံပြုတိုင်ကြားစာလက်ခံ သိမ်းဆည်းမှုနှင့် ဖြေရှင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များအကြောင်း၊ တာဝန်ယူမှု တာဝန်ခံမှုအကြောင်း၊ စီမံကိန်းဝန်ထမ်းများနှင့် ကော်မတီဝင် များ လိုက်နာရမည့် ကျင့်ဝတ်များအကြောင်း စသည့်ခေါင်းစဉ်များကို စာတွေ့၊လက်တွေ့နှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ သရုပ်ပြ ရှင်းလင်းတင်ပြခြင်းများဖြင့် သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းကို သင်တန်းကို ထီးလင်းမြို့နယ်အတွင်းရှိ ဆင်ထိုး၊ အညာဝါဘင်း၊ နတ်အင်း၊ ရဲဒူး၊ ကျောက်ထု၊ ကျင်း၊ ပလိန်ကိုင်း၊ အထက်ကျော်၊ အောက်ကျော်၊ ပြင်ဘ၊ တိ၊ ပါးမျဉ်း၊ ငါးဆင်း၊ ညောင်၊ ဘူးတောင်း၊ အကြည်ဘန်း၊ အလယ်ဘန်းကျေးရွာနှင့် အညာဘန်းကျေးရွာ (၁၈)ရွာမှ ကော်မတီဝင် စုစုပေါင်း  (၄၉)ဦး တက်ရောက်ပြီး သင်တန်းကို (၁)ရက်ကြာသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

သတင်း - စိုးမိုးကျော်