တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)လုပ်ငန်းဆောင်ရွက်မှုများကို ဦးကျော်စွာအောင်(ညွှန်ကြားရေးမှူး)မှ ကွင်းဆင်းစစ်ဆေးခြင်းနှင့်ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ တွီးတူမ်းကျေးရွာတွင် ဆောင်ရွက်ခဲ့သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း၊ ခိန်းလမ်းကျေးရွာနှင့် တုန်းတွောင်ကျေးရွာများတွင် ဆောင်ရွက်ခဲ့သော ကျေးရွာဘက်စုံသုံးခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်နှင့်စီမံကိန်းတာဝန်ရှိသူများမှ (၂.၉.၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာလူထု၊ ကော်မတီဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။

ညွှန်ကြားရေးမှူးသည် ကျေးရွာလူထု၊ ကော်မတီဝင်များမှ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲနှင့်လိုအပ်ချက်တင်ပြချက်များအတွက် ဖြေရှင်းရမည့် နည်းလမ်းများကိုဆွေးနွေးပေးခဲ့ပြီး လူထုပူးပေါင်း ပါဝင်မှုသည် များစွာအရေးကြီးပါကြောင်း၊ စီမံကိန်းလုပ်ငန်းခွဲနှင့်ပတ်သက်၍ ကျေးရွာမှ အမှန်တကယ်လိုအပ်သည့် လုပ်ငန်းခွဲများကို အားလုံးသဘောတူဆုံးဖြတ်ပိုင်ခွင့်ရှိပါကြောင်းနှင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ ရေရှည် တည်တံ့နိုင်ရေးအတွက် လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်ကို စနစ်တကျ ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးသည် တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် DRDနှင့်CDDဝန်ထမ်းများနှင့်​​တွေ့ဆုံရာ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်တို့မှ မြို့နယ် အတွင်း လက်ရှိ စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။