မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

ဒီးမော့ဆို သြဂုတ် ၂၂

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့ ပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စိန့်ဂျိုးဇက်ဘုရားကျောင်း ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မှ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနား ပထမပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် မှ လူထုဗဟိုပြုစီမံကိန်းဖြင့် ကယားပြည်နယ်ရှိ မြို့နယ် ခုနှစ် မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါ ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေနှင့် ကျေးလက် ရေပေးရေး၊ လယ်ယာ ကုန်ထုတ်လမ်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာများအတွက် သက်မွေးပညာအထောက်အကူပြု သင်တန်းများ၊ လူထုဗဟိုပြုစီမံကိန်း၊ VDP ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေး နိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ လူထုဗဟိုပြုစီမံကိန်းများနှင့် ပတ်သက်၍ အခွင့်အလမ်းများကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးထားပြီး ရန်ပုံငွေသုံးစွဲမှုနှင့် ပတ်သက်၍ ကျေးရွာပြည်သူလူထုများ ကိုယ်တိုင် သုံးစွဲခွင့်၊ ဝယ်ယူခွင့်၊ စီမံခန့်ခွဲခွင့်၊ ဝေဖန်အကြံပြုနိုင်သည့် ကိစ္စရပ်များ ဆောင်ရွက်နိုင်သလို စောင့်ကြည့်ကြီးကြပ်ရေး၊ စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်သည်ကို တွေ့မြင်ရ ကြောင်း၊ ယင်းအချက်များသည် ဒီမိုကရေစီ၏ စံနှုန်းများနှင့် အညီ နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့ဘဏ်မှ ချမှတ်ထား သည့် စံချိန် စံညွှန်းများနှင့် အညီ ဖော်ဆောင်နိုင်သည်ကို တွေ့ရှိပါကြောင်း၊ ဒါ့ပြင် ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဆောင်ရက်ရာတွင် ငြိမ်းချမ်းရေးကဏ္ဍသည်လည်း အရေးပါသည့် ကဏ္ဍဖြစ်ပြီး ငြိမ်းချမ်းရေး ကဏ္ဍများ ပိုမို အားကောင်းလာစေရေးအတွက် ကျရာကဏ္ဍများတွင် ပါဝင်ကြစေလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင် က လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ဘဏ်မှ အကြံပေးအရာရှိ စိုင်းရာဇာထွန်း က မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်မှုအား ကွင်းဆင်းတွေ့ရှိချက်အပေါ် သုံးသပ် တင်ပြသည်။

ထို့နောက် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ ယဉ်ကျေးမှုအကဖွဲ့မှ ရိုးရာအကများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က ဂုဏ်ပြုဆုငွေကျပ် (၁)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကာ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် စီမံကိန်း စတုတ္ထနှစ် လုပ်ငန်းစဉ်အကြောင်း၊ စီမံကိန်း နှင့် ပတ်သက်သော အမေး/ အဖြေကဏ္ဍ၊ အုပ်စုဖွဲ့၍ ဆွေးနွေးခြင်း၊ ပြန်လည်တင်ပြခြင်း၊ အကောင်းဆုံး ကျေးရွာအုပ်စု၊ အကောင်းဆုံးကျေးရွာ ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်း၊ ကျေးရွာအုပ်စု အဆင့်၊ ကျေးရွာအဆင့် အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုများ ပေးအပ်ခြင်းများကို ဆက်လက် ကျင်းပခဲ့ပါသည်။

ယနေ့ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲတွင် ရရှိလာသော အကြံပြုချက်များနှင့် ရလဒ်များကို ပြည်ထောင်စုအဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ် ဆွေးနွေးပွဲတွင် ထပ်မံဆွေးနွေး သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း လက်စွဲစာအုပ်(Operation Manual) တွင် ပြင်ဆင်ရန် လိုအပ်သည့်အချက်များကို ပြင်ဆင်ဆောင်ရွက်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။