ပေါက်မြို့နယ် ဒေါင်းသာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ပထမအကြိမ် အစည်းအဝေးကျင်းပ

ပေါက် သြဂုတ်    ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ စီမံကိန်းစတုတ္ထနှစ်စက်ဝန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သပွတ်စုကျေးရွာအုပ်စု၊ ဒေါင်းသာကျေးရွာတွင် ကျေးရွာအဆင့်ပထမအကြိမ်အစည်းအဝေးအား ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေး ကျားမရေး ရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက စီမံကိန်းရည်ရွယ်ချက်များနှင့်ပတ်သက်၍ ကျေးရွာဖွံ့ဖြိုးရေး အခြေခံသဘောတရားများအား ရှင်းလင်းပြောကြားခြင်း၊ ကျေးရွာလူထုအားစီမံကိန်း၏လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ လူထုပူးပေါင်းပါဝင် သော လူမူ့ဆန်းစစ်ချက်များစတင်ရန် နှင့် ကျေးရွာစေတနာ့ဝန်ထမ်းများရွေးချယ်ရန်အတွက် အစည်းအဝေးကိုပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းရုံးမှ လူထုစည်းရုံးရေးမှူး ဒေါ်ခိုင်နှင့် ဒေါ်ယုယုဇင်တို့က စီမံကိန်းစက်ဝန်း အပိုင်း (၆)ပိုင်း၊အဆင့်(၁၄)ဆင့်ကို ရှင်းလင်းတင်ပြခြင်းနှင့် စေတနာ့ဝန်ထမ်းများရွေးချယ်ရန် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကျေးရွာစေတနာ့ဝန်ထမ်းများအား အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကို တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများက လျိုဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အစည်းအဝေးကို ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နည်းပညာအကြံပေး ကျားမရေး ရာတာဝန်ခံနှင့် လူထုဗဟိုပြုစီမံကိန်းရုံး ဝန်ထမ်းများ၊ ဒေါင်းသာကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၉၁)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

စိုးမိုးကျော် 09.256087268