လူထုစစ်ဆေးပွဲနှင့် Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ တွီးမန်ကျေးရွာအုပ်စု၊ ဗိုင်ဗက်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအတွက် လူထုစစ်ဆေးပွဲကို (၂၉.၇.၂၀၁၉)ရက်နေ့တွင် ပထမနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော အလယ်တန်းကျောင်းဆောင်တွင်ကျင်းပပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဆွေးအုပ်(လ/ထညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားကာ ကျေးရွာလူထုနှင့် ကျောင်းသား/ကျောင်းသူများမှ ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ အဆိုပါရေပေးရေးလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၇၀)ဖြင့် (၂၉.၄.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ကာ (၂၃.၇.၂၀၁၉) ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။ လူထုစစ်ဆေးပွဲသို့ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများနှင့် မြို့နယ်စီမံကိန်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

လူထုစစ်ဆေးပွဲဆောင်ရွက်မှုအပြီးတွင် လူထုဗဟိုပြုစီမံကိန်းအကြောင်းကို ကျေးရွာလူထုမှ ပိုမိုသိရှိနားလည်ပြီး ပူပေါင်းပါဝင်မှုအားကောင်းလာစေရန်အတွက် အဆိုပါကျောင်းဆောင်တွင် လူထုဗဟိုပြုစီမံကိန်း သတင်းနှင့်ဆက်သွယ်ရေးပြခန်းနှင့် စီမံကိန်းသတင်းအချက်အလက်လှုံ့ဆော်အသိပေးမှုဆိုင်ရာပွဲ(Information Campaign)ကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြခန်းတွင် စီမံကိန်းပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် စီမံကိန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို ခင်းကျင်းပြသခဲ့ပါသည်။ Information Campaign တွင် စီမံကိန်းအကြောင်း အမေး/အဖြေကဏ္ဍကို ဆောင်ရွက်ခဲ့ရာ စိတ်ပါဝင်စားလာရောက်ဖြေဆိုပြီး အဖြေမှန်သူများကို စီမံကိန်းတံဆိပ်ပါတီရှပ်၊ ဦးထုတ်၊ ဘောပင်နှင့်မိုးကာအင်္ကျီများကို လက်ဆောင်ပေးခဲ့ကြပါသည်။