ချင်းပြည်နယ်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)၊ မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို မတူပီမြို့၊ ဘုံတလာခန်းမ၌ (၂.၇.၂၀၁၉)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ  ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကြည်စောမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အခမ်းအနားပထမပိုင်းအစီအစဉ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးပါထန်းမှ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ပြီး မတူပီမြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုးမှ စီမံကိန်းအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)လုပ်ငန်းဆောင်ရွက်မှုများကို ဗီဒီယိုမှတ်တမ်းဖြင့် တင်ပြ ပြသခဲ့ပြီး မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အမေးအဖြေကဏ္ဍကို ဆက်လက်ဆောင်ရွက်ရာ ကျေးရွာလူထုမှ သိရှိလိုသည်များအား သက်ဆိုင်ရာစီမံကိန်းမြို့နယ် စီမံကိန်းတာဝန်ခံများမှ ဖြေကြားပေးခဲ့ကြပါသည်။

အခမ်းအနားဒုတိယပိုင်းအစီအစဉ်တွင် ကျေးရွာလူထု၊ ကော်မတီများမှ အုပ်စုအလိုက်ဆွေးနွေးချက်များကို အဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်းဆုံးလုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပြီး ကျေးရွာအုပ်စုအဆင့်တွင် ပထမဆုရရှိသော ငလိုင်ကျေးရွာအုပ်စု၊ ဒုတိယဆုရရှိသော ရမ်တိန်းကျေးရွာအုပ်စုနှင့် တတိယဆုရရှိသော လေရိန်းကျေးရွာအုပ်စုများကိုလည်းကောင်း၊ ကျေးရွာအဆင့်တွင် ပထမဆုရရှိသော ထီဆောင်းကျေးရွာ၊ ဒုတိယဆုရရှိသော မွှန်တုန်ကျေးရွာနှင့်တတိယဆုရရှိသော အောက်လားကျေးရွာများကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များမှ အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။

ထို့နောက်ကျေးရွာလူထုကိုယ်စား ထီဆောင်းကျေးရွာစီ/ထောက်ဥက္ကဌမှ ကျေးဇူးတင်စကားပြောကြားပြီး မင်းတပ်ခရိုင်ဦးစီးမှူးဦးကျော်ကျော်မှ နိဂုံးချုပ်အမှာစကားပြောကြားရာအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကျေးလက်၊ CDDဝန်ထမ်းများ၊ မတူပီမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းကော်မတီဝင်များ၊ သတင်းမီဒီယာအဖွဲ့နှင့်မြို့မိမြို့ဖများ၊ စုစုပေါင်းလူဦးရေ(၂၂၀)တက်ရောက်ခဲ့ကြပါသည်။

မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လမ်းလုပ်ငန်း(၅၂)ခု၊ တံတားလုပ်ငန်း(၁)ခု၊ ပညာရေးဆိုင်ရာအဆောက်အဦး (၂၁)ခု၊ ရေပေးရေးလုပ်ငန်း(၁၉)ခု၊ မီးလင်းရေး လုပ်ငန်း(၁၆)ခု၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦး(၂)ခု၊ ကျေးရွာလူထုခန်းမဆောင်(၂၅)ခု၊ အခြားလုပ်ငန်းဖြစ်သော ဘော်လုံးကွင်းတူးဖော်ခြင်းလုပ်ငန်း(၁၄)ခုနှင့် စာကြည့်တိုက်လုပ်ငန်း(၁)ခု၊ စုစုပေါင်းစီမံကိန်းလုပ်ငန်းခွဲ(၁၅၁)ခုကို  စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်(၁၅၄၃)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွဲပေါင်း(၉၀%)ကျော်အား (၁၀၀%) ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။