ပေါက်မြို့နယ် ချောင်းနားကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ပေါက် ဇွန်  ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ချောင်းနားကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနှင့် ပေါက်မြို့နယ် လက်ထောက်မြို့နယ် ပညာရေး မှူး ဦးထိန်လင်းတို့က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ကျောင်းဆောင်သစ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များ၊  ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ကို  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ှရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်း ဆောင်သစ် ဆောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေးပါသည်။

အဆိုပါ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်းဆောင်သစ်ကို အလျား ၉၀ ပေ အနံ ၃၀ ပေ အမြင့် ၁၂ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ် ၁၆၉ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ခုနှစ်သိန်းဖြင့် လူထု ဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။