ဆောမြို့နယ် ဆီမီးကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ဆော ဇွန်  ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ဆီမီးကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက် ၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က လူထုဗဟိုပြုစီ စီမံကိန်း(CDD)ဖြင့် ကျောင်းဆောင်သစ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များ၊  ကျေးလက်ဒေသဖွ့ံဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲမုဒ်ဦးကို အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးထင်လင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ခရိုင်ဦးစီးမှူး ဦးဝင်းအောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြဝင်း၊ မြို့နယ်ပညာရေးမှူး ဦးထန်ရှင်းမုန်နှင့့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းဆောင်သစ် ဆောက်လုပ်ထားမှုကို ကြည့်ရှုစစ်ဆေး ပါသည်။

အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) စာသင်ကျောင်းဆောင်သစ်ကို အလျား ၉၀ ပေ အနံ ၃၀ ပေ အမြင့် ၁၂ ပေ ဆောက်လုပ်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၁၇၉ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၄ဝသိန်းဖြင့် လူထု ဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။    စိုးမိုးကျော်