ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအခမ်းအနားကို အင်္ဂပူမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်

ဇွန် (၂၁) အင်္ဂပူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်  လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်း အဝေးကို (၂၁.၆.၂၀၁၉) ရက်နေ့၊ နံနက် (၉) နာရီအချိန် အင်္ဂပူမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေးခေါင်းဆောင် ဦးဝင်းနိုင်မှ အင်္ဂပူမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်မှ ကျေးဇူးတင်စကား ပြောကြားခြင်းဖြင့် အခမ်းအနားအား စတင်ခဲ့ ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲတွင်တက်ရောက်လာသူများမှ စီမံကိန်း ပထမနှစ်စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့ မှုများနှင့်ပတ်သက်ပြီး အားနည်းချက်၊အားသာချက်များအား ကဏ္ဍအလိုက်ခေါင်းစဉ်များဖြင့် အုပ်စု (၇) အုပ်စု ဖွဲ့ဆွေးနွေးကြပါသည်။  အဆိုပါအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြုဝန်ထမ်းများ၊NGO များ၊  CSO များ၊ မီဒီယာများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မတီဝင်များစုစုပေါင်း (၇၀၀) ဦး တက်ရောက်ခဲ့ပါသည်။