ပူတာအိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၁၅.၃.၂၀၁၉

      ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် ၁၅.၃.၂၀၁၉ ရက်နေ့၌ ရဝမ်ရိုးရာမနောကွင်းခရန်ခူးခန်းမတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါအခမ်းအနားတွင် ပူတာအိုခရိုင် အမျိုးသမီးရေးရာဥက္ကဌ ဒေါ်မင်းမင်းထွေးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကချင်ပြည်နယ်လူထုဗဟိုပြုစီမံကိန်း(ရုံးခွဲ) ပြည်နယ်စီမံကိန်းတာဝန်ခံ ဒေါ်ခင်မေညွန့်မှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် သမိုင်းကြောင်းအား ရှင်းလင်းခြင်း၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ စောင့်ကြည့်ကြီးကြပ်ရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲရေးတာဝန်ခံ ဒေါ်နှင်းနှင်းဖြူမှ လူထုဗဟိုပြုစီမံကိန်းတွင် ဆောင်ရွက်နေသော ကျားမရေးရာဆောင်ရွက်ချက်များနှင့် အကျိုးကျေးဇူးများအကြောင်း ပြောကြားခြင်း၊ မူလာဟောင်းကျေးရွာအုပ်စုစီထောက်ကော်မတီဥက္ကဌ ဦးမီတုံဂမ်မှ စီမံကိန်းတွင် အမျိုးသမီးများ ပါဝင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း ပြောကြားခြင်း၊ ကျေးရွာအုပ်စုစီထောက် ကော်မတီအမျိုးသမီးများမှ အခက်အခဲနှင့် အောင်မြင်မှုများအကြောင်း ဆွေးနွေးခြင်းနှင့် အမျိုးသမီးများအပေါ် အားပေးစကားပြောကြားခြင်း၊ မြစိမ်းရောင်စီမံကိန်းမှ ကော်မတီဝင်အမျိုးသမီးတစ်ဦးမှ အခက်အခဲနှင့် အောင်မြင်မှုများပြောကြားခြင်း၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျားမရေးရာ၊ ဝေဖန်အကြံပြုနှင့် သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဦးမောင်မော်ချစ်မှ နိဂုံးချုပ်အနေဖြင့် လူထုဗဟိုပြုစီမံကိန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အလေးထားပါကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်တစ်လျောက် အမျိုးသမီးများ၏ အရေးအား ထည့်သွင်းဆောင်ရွက်ပါကြောင်း၊ အခက်အခဲနှင့် ရှေ့ဆက်လုပ်ဆောင်ကြမည့် အချက်များအား ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

       အခမ်းအနားသို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ NGO များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာကော်မတီများ၊ မြစိမ်းရောင်ကော်မတီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်း ၁၃၃ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ ၄ နာရီခွဲတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။