လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စီမံကိန်းအဖွဲ့ သွားရောက်လေ့လာ

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တွင် စီမံကိန်း မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးနောက် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦး၊ ကမ္ဘာ့ဘဏ်မှ Task Team Leader ဖြစ်သူ Mr. Markus Kostner ခေါင်းဆောင် သည့်အဖွဲ့နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရာရှိများ၊ တနင်္သာရီတိုင်း စည်ပင်သာယာရေး အဖွဲ့မှ အရာရှိများ၊ မြိတ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် အဖွဲ့သည် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြသည်။

မေလ ၂၂ ရက်နေ့တွင် ကျွန်းစုမြို့၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးနောက် ကတ္တလူကျေးရွာအုပ်စု အတွင်းရှိ ကတ္တလူကျေးရွာနှင့် ကပကျေးရွာအုပ်စုအတွင်းရှိ ကပကျေးရွာသို့ သွားရောက် လေ့လာခဲ့ပြီး မေလ ၂၃ ရက်နေ့တွင် တောပြားကျေးရွာအုပ်စုအတွင်းရှိ ဖနပ်ကျွန်းကျေးရွာ၊ မအိုင် ကျေးရွာအုပ်စုရှိ လင်မလိုကျေးရွာ သို့ သွားရောက်လေ့လာခဲ့သည်။ ထို့နောက် မောင်းလှော်ကျေးရွာအုပ်စုအတွင်းရှိ မောင်လှော် ကျေးရွာသို့ သွားရောက်လေ့လာခဲ့ရာ ထိုခရီးစဉ်၌ ညောင်ဘီးကျေးရွာအုပ်စု၊ မင်းဂုတ် ကျေးရွာ အုပ်စုနှင့် ဇေးကမိ ကျေးရွာ အုပ်စုများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံ ခေါင်းဆောင်များနှင့် ရွာသူရွာသားများပါ တစ်ပါတည်း တွေ့ဆုံခဲ့သည်။

ကျေးရွာများတွင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး  ဦးစီးဌာနမှ အရာရှိများက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောပြပြီးနောက် Mr. Markus Kostner က ကျေးရွာ အခြေအနေနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ ကျေးရွာလူထုက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ကျေးရွာလူထုကလည်း စီမံကိန်းနှင့်ပတ်သက်၍ သိလိုသည်များကို ပြန်လည် မေးမြန်းခဲ့ရာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရာရှိများက ပြန်လည်ဖြေကြားခဲ့သည်။