လူထုဗဟိုပြုစီမံကိန်းဖြင့်ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမဆောင်ဖွင့်လှစ်

ထီးလင်း ဇွန် ၁၃

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သရခါကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့်  ကျေးရွာဘက်စုံသုံးခန်းမ ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျေးရွာခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဓ္ဒိနှင့် မြို့နယ်ရဲမှူးကြီး ဦးခင်မောင်လွင်တို့က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့မှ ဝေဖန်အကြံပြု တိုင်ကြားချက်ဖြေရှင်းရေးနှင့် ကျား-မ ရေးရာတာဝန်ခံ ဦးကျော်ဇေယျက ကျေးရွာဘက်စုံသုံးခန်းမ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာဘက်စုံသုံးခန်းမအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဓ္ဒိနှင့် မြို့နယ်ရဲမှူးကြီး ဦးခင်မောင်လွင်၊ ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးနှင့် ကျား-မရေးရာတာဝန်ခံ ဦးကျော်ဇေယျက၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

“ ကျွန်မတို့သရခါကျေးရွာလေးသည် အိမ်ခြေ (၁၃၄)အိမ်၊ လူဦးရေ (၆၅၀)ဦးရှိတဲ့ ရွာလေးတစ်ရွာပါ၊ ထီးလင်းမြို့နဲ့ (၁)မိုင် အကွာမှာ ရှိသော်လည်း ကျေးရွာပိုင်အဆောက်အုံ ကျယ်ကျယ်ဝန်းဝန်း မရှိလို့ ကျေးရွာအစည်းအဝေးတွေ၊ သာရေး နာရေး၊ မင်္ဂလာဆောင်၊ အလှူအတန်းတွေလုပ်တဲ့နေရာမှာ များစွာအခက်အခဲတွေရှိပါတယ်၊ ဒီနေ့မှာတော့ ဒီအခက်အခဲတွေက ပြေလည်သွားတာကြောင့် ကျွန်မတို့ ပျော်ရွှင်ရတဲ့နေ့တစ်နေ့ဖြစ်ပါတယ်လို့ “ ဖွင့်ပွဲတက်ရောက်လာတဲ့ ကျေးရွာဒေသခံ ဒေါ်သန်းစိုးက ပြောသည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောင်မှာ အလျား ၆၃ ပေ၊ အနံ ၄၅ ပေ၊ အမြင့် ၁၁ပေရှိ  သွပ်မိုးအုတ်ညှပ် ခန်းမ ဆောင်ဖြစ်ပြီး စီမံကိန်းပံ့ပိုးငွေ (၁၁၇၅၈၉၆၅)ကျပ်၊ ကျေးရွာလူထုမှ ထည့်ဝင်ငွေ (၅၁၄၉၄၀၀) ကျပ်သိန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ၂၀၁၉ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ စတင်ကာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

 စိုးမိုးကျော် 09.256087268