လူထုဗဟိုပြုစီမံကိန်းမှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦးများအား သက်ဆိုင်ရာဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦးများကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်းသွားနိုင်စေရန်ရည်ရွယ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ ဇွန်လ (၆) ရက်နေ့၊ နံနက်(၁၀)နာရီတွင် တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွန်းဇံမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)မှ ပညာရေးဆိုင်ရာအဆောက်အဦး(၂၂)ခုကို ကျေးရွာအုပ်စု(၁၆)အုပ်စုနှင့် ကျေးရွာ(၂၂)ရွာတို့တွင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၁၆၉၇) သိန်းကျော်နှင့်ကျေးရွာပြည်သူထည့်ဝင်ငွေ(၁၁၆)သိန်းကျော်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာအဆောက်အဦး(၁)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်(၇၅)သိန်းနှင့်ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်(၆)သိန်းကျော်ဖြင့်  ဆဲဘောက်အုပ်စု၊ စိန်တူမ်းကျေးရွာတွင်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်ဦးစီးမှူးဦးဆလိုင်းထောင်းမှ တက်ရောက်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဦးစီးမှူးဦးနန်ဒိုးဆူမ်းမန်မှ အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ စာသင်ကျောင်း(၂၂)ကျောင်းကို မြို့နယ်အခြေခံပညာဦးစီးဌာနသို့လည်းကောင်း၊ ကျေးလက်ဆေးပေးခန်းတစ်ခုကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့လည်းကောင်း အသီးသီးလွှဲပြောင်းပေးအပ်ကာ တာဝန်ရှိသူများဖြစ်သော မြို့နယ်ပညာရေးမှူးဦးပုမ်ကျင့်ကမ်းနှင့် ဒေါက်တာထန်ရှင်းခိုင်(TMO)တို့မှ လက်ခံပေးခဲ့ကြပါသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များနှင့် ဖိတ်ကြားထားသောဧည့်သည်များ မြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။