ပညာရေးစီမံကိန်းဆိုင်ရာလုပ်ငန်းခွဲများလွှဲပြောင်းပေးအပ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တနင်္သာတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှလူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းနှင့်တတိယနှစ် တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပညာရေးဌာနနှင့်ပတ်သက်သည့်ကျောင်းဆောင်အသစ်များ၊ တိုးချဲ့မွမ်းမံခြင်းလုပ်ငန်းနှင့်ဆက်စပ်အဆောက်အဦ..စသည့် စီမံကိန်းလုပ်ငန်းခွဲများကို သက်ဆိုင်ရာမြို့နယ်ပညာရေးဌာနသို့ လွှဲပြောင်း​ပေးအပ်ပွဲအခမ်းအနားကို တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာန၊ အစည်းအဝေးခန်းမ အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ ၊ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုနှင့်ဆရာ/ဆရာမများ၊ မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဦးညီညီဝင်းမှ မြို့နယ်ပညာရေးဌာနသို့ ပညာရေးစီမံကိန်းဆိုင်ရာ လုပ်ငန်းခွဲများ လွှဲပြောင်းပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ် စိုးစိုးမှ လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်)စက်ဝန်းကာလ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းချပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခမ်းအနားတက်ရောက်လာသူများက လူထုဗဟိုပြုစီမံကိန်းနှစ်အလိုက်လုပ်ငန်းများ၏ အားနည်းချက်/အားသာချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး ပညာရေးဆိုင်ရာစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းယုထံ မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယနေ့လွှဲပြောင်းပေးအပ်ပွဲတွင် ဒုတိယနှစ်စီမံကိန်းစက်ဝန်းမှစာသင်ကျောင်း(၁၃)ကျောင်းကိုအသစ် တည်ဆောက်ပေးပြီး၊ (၇)ကျောင်းကိုတိုးချဲ့ပြုပြင်ခြင်းနှင့်ကျောင်းခြံစည်းရိုး၊အိမ်သာ(ပါ)ဆက်စပ်အဆောက်အဦး(၉)ခုတို့အတွက် ကျေး/လက်ဦးစီးဌာန၏စီမံကိန်းထောက်ပံ့ငွေကျပ်(၂၈၅၆)သိန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေကျပ်(၁၁၅)သိန်း..ပေါင်း ကျပ်(၂၉၇၁)သိန်း၊ တတိယနှစ်စက်ဝန်းမှကျောင်းအသစ်(၁ဝ)ကျောင်း၊ တိုးချဲ့ပြုပြင်ခြင်း(၃)ကျောင်း၊ ဆက်စပ်အဆောက်အဦး(၄)မျိုးတို့အတွက် စီမံကိန်းထောက်ပံ့ငွေကျပ်(၂၂၆၄)သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေကျပ်(၁၁၈)သိန်း..ပေါင်း(၂၃၈၂)သိန်းကျပ်ဖြစ်ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာနမှသိရှိရသည်။