ခပေါင်းတောကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းက မြေအောက်ရေမှ ရေပေးဝေရေး ဆောင်ရွက်

 

ထီးလင်း ဇွန် ၃

          ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ လူထုဗဟိုပြုစီမံကိန်းက ခပေါင်းတောကျေးရွာတွင် မြေအောက်ရေမှ ရေပေးဝေရေးလုပ်ငန်း ဆောက်ရွက်ထားသည့်အတွက် ကျေးရွာနေပြည်သူအားလုံး သောက်သုံးရေကို ယနေ့မှစတင်ကာ  လွယ်ကူစွာရရှိနေကြပြီဖြစ်သည်။

          အဆိုပါလုပ်ငန်းမှာ အိမ်တိုင်ရာရောက် ရေပေးဝေရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အချင်း ၆ပေ၊ အနက်၊ ၂၆ ပေရှိ ရေတွင်းတူးကာ ထိုရေအား ၃၂ ကောင်အားရှိသော အင်ဂျင်စက်ဖြင့် စုပ်ယူပြီး အလျား ၁၈ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၅ ပေရှိ ဂါလံ (၁၀၀၀၀)ဆံ့၊ RC သံကူကွန်ကရစ်ကန် ရေစုကန်အတွင်းသို့ပို့ဆောင်ကာ၊ တစ်အိမ်ရေတစ်ငုပ် ဖြန့်ဝေပေးသောစနစ်ဖြစ်ပြီး   ရေစုကန်မှ နေအိမ်များသို့့ ရေပို့သောပိုက်အရှည်မှာ တစ်လက်မခွဲပိုက် ပေ ၆၃၀၀  အရှည်ရှိသည်။ လူထုဗဟိုပြုစီမံကိန်းပံ့ပိုးငွေ ကျပ် ၁၉၉၉၉၆၀၀ ဖြစ်ပြီး၊ ကျေးရွာလူထုမှ လှူဒါန်းငွေ ကျပ် ၂၇၂၀၀၀ ဖြင့် ဇန္နဝါရီ ၁၈ ရက်မှစတင်ကာ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း သိရသည်။

          ကျွန်မတို့ရွာက အိမ်ခြေ ၇၃ အိမ်ရှိ၊ လူဦးရေ ၃၄၆ ဦးရှိတဲ့ရွာငယ်လေးတစ်ရွာပေါ့၊ နှစ်စဉ် နွေရာသီ ရောက်တိုင်း ရေပြတ်လေ့ရှိတယ်၊ ရေရှိတဲ့ချောက်နဲ့ ချောင်းတွေမှာ ကလေးကောလူကြီးတွေပါ ရေရဖို့ အချိန်ကုန် လူပင်ပန်းခံသွားခပ်ရတာပေါ့၊  သက်ကြီးရွယ်အိုတွေဆိုလည်း၊ ချောင်းထဲရှိ လက်ယက်တွင်းတွေမှာ ခက်ခက်ခဲခဲ ရေသွားချိုးရတာပေါ့၊ ရွာကလည်းငယ်၊ လူဦးရေကလည်းနည်းတော့ ကျွန်မတို့ဖာသာလုပ်ဖို့ဆိုမဖြစ်နိုင်ပါဘူး၊ ခုတော့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေပါမကျန် အိမ်ပေါက်စိ ရေရနေ့လို့ အားလုံးဝမ်းသာပျော်ရွှင်နေကြပါတယ်၊ စီမံကိန်းကိုလည်း ကျေးဇူးတင်ပါတယ်လို့ စီ်မံကိန်းအထောက်အကူပြုကော်မတီ ဥက္ကဌ ဒေါ်မြင့်မြင့်စန်းကပြောသည်။

          လူထုဗဟိုပြုစီမံကိန်းသည် ထီးလင်းမြို့နယ်တွင် တတိယနှစ်စက်ဝန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ  ကျေးရွာ(၉၃)ရွာတွင် ကျေးရွာမီးလင်းရေးလုပ်ငန်း (၄၄)ခု၊ စုရပ်ဆောင် တည်ဆောက်ခြင်းလုပ်ငန်း (၁၉)ခု၊  ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း (၁၈)ခု၊ ရေပေးဝေရေး လုပ်ငန်း(၁၂)ခု၊ စာသင်ကျောင်းခြံစည်းရုံးပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း (၁)ခု၊ ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း (၇)ခု၊ လမ်းဘေးကျောက်စီရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်း (၆)ခု၊ အားကစားကွင်းတည်ဆောက်ခြင်းလုပ်ငန်း (၄)ခုနှင့် အများသုံးအိမ်သာတည်ဆောက်ခြင်း လုပ်ငန်း (၁)ခု၊ စသည့် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၁၁၃)ခုကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။