မင်းတုန်းမြို့နယ် သဒွန်းကျေးရွာ၌ ကျောက်ရိုးစီကွန်ကရစ်တံတားဖွင့်ပွဲကျင်းပ

 

မင်းတုန်း  မေ  ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ ပိန္နဲပင်ကျေးရွာအုပ်စု၊ သဒွန်းကျေးရွာတွင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့်  ကျောက်ရိုးစီကွန်ကရစ်တံတားဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါတံတားအနီး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။

ဆက်လက်၍ ကျေးရွာလူထုဗဟိုပြုစီမံကိန်းစီမံခန့်ခွဲရေးနှင့်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးဘစောမြင့်က ကျောက်ရိုးစီ ကွန်ကရစ် တံတားဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

 ထို့နောက် ကျောက်ရိုးစီကွန်ကရစ်တံတားလုပ်ငန်းဖွင့်ပွဲမုဒ်ဦးကို မကွေးတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဝင်းသူရတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါ ကျောက်ရိုးစီကွန်ကရစ်တံတား အရှည် ၆၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၅ ပေ တည်ဆောက်ခြင်းလုပ်ငန်း ကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၁၈၄)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၁၆၉)သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 စိုးမိုးကျော်