ကွန်ကရစ်တံတားဖွင့်ပွဲနှင့် လူထုစစ်ဆေးပွဲကျင်းပ

၃၀-၅-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကြခတ်ချောင်းကျေးရွာအုပ်စု၊ တုလေကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယမင်းသင်း၊KNU တပ်မဟာဌာန(၆) တပ်ရင်း(၁၇)တပ်ခွဲ(၂) ကြာအင်းဆိပ်ကြီးမြို့မှ ဆက်သွယ်ရေးအရာရှိ ဗိုလ်စောဘီ(‌ခေါ်) စောအေစီဂျိမ်း၊ အသင်းအုပ်ဆရာတော် ဦးကွာလာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရွှေတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မြို့နယ် နည်းပညာအကြံပေးအရာရှိ ဦးအောင်မြင့်နှင့် KNU တပ်မဟာ (၆) တပ်ရင်း(၁၇) တပ်ခွဲ (၂) ကြာအင်းဆိပ်ကြီးမြို့မှ ဆက်သွယ်ရေးအရာရှိ ဗိုလ်စောဘီ (ခ) စောအေစီဂျိမ်းတို့မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာလူငယ်များမှ ကရင်ရိုးရာ ဒုံးအကဖြင့် ကပြခဲ့ပါသည်။

အဆိုပါ ကွန်ကရစ်တံတားသည် အလျား ၂၀ပေ၊ အနံ ၁၄ပေ၊ အမြင့် ၇ပေ ရှည်လျားပြီး လူထုဗဟိုပြု စီမံကိန်းရံပုံငွေ ၁၀၉၄၀၀၀၀ ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည်။

             ကွန်ကရစ်တံတားဆောက်လုပ်ခြင်းကြောင့် ကျေးရွာလူထုနှင့် တွေ့ဆုံမေးမြန်းရာတွင် တဂေးကျေးရွာ၊ မီးလောင်ချောင်းကျေးရွာ၊ ကြခတ်ချောင်းကျေးရွာများအတွက် သွားလာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဆင်ပြေ ကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်၍ ကွန်ကရစ်တံတားနှင့် ပတ်သက်၍ ကျေးရွာလူထုမှ ကျေနပ်မှုရှိ/မရှိကို လူထုစစ်ဆေးပွဲပြုလုပ်ကာ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားသို့ ကျေးရွာလူထု ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။