မတူပီမြို့နယ် ထယ်ဘွေး-ခွါဟုန်း ရွာချင်းဆက်လမ်း ဖွင့်ပွဲကျင်းပ

ချင်းပြည်နယ် မတူပီမြို့နယ်၊ လေဆင်းကျေးရွာအုပ်စု ထယ်ဘွေးကျေးရွာတွင် မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဆောင်ရွက်လျှက်ရှိသော ထယ်ဘွေး-ခွါဟုန်းရွာချင်း ဆက်လမ်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်စီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေးအုပ် နှင့် ပြည်နယ်နည်းပညာအကြံပေး ဦးဝင်းရွှေမောင်၊ မတူပီမြို့နယ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအာလ်လျန်ထန် နှင့် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာလူထုများ တက်ရောက်ခဲ့ကြရာ စီမံကိန်းတာဝန်ခံမှ ကျေးရွာကော်မတီများအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးအစီအစဉ် ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ထယ်ဘွေး-ခွါဟုန်းရွာချင်းဆက်လမ်းသည် အတိုင်းအတာအားဖြင့် အရှည် ၁၅၀၀၀ပေ အကျယ် ၁၂ ပေ ရှိပြီး၊ စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၁၀ ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။