စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းစစ်ဆေးခြင်းနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ကော်မတီဝင်များနှင့် ဆွေးနွေးခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းလျက် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများတွင် ကျေးရွာကော်မတီများ၏ စွမ်းဆောင်ရည်တိုးတက်မှုများနှင့်လိုအပ်ချက်များ၊ စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်မှု အခြေအနေများ၊ ကျား/မရေးရာအားသာချက်၊ အားနည်းချက်များကို သိရှိနိုင်ရန်ရည်ရွယ်လျက် ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ ဒုတိယစီမံကိန်းတာဝန်ခံ ဒေါ်ငွန်ဆွီးကြန်၊ ကျား/မရေးရာတာဝန်ခံ ဒေါ်စာရာလိန်းနှင့် အခြေခံအဆောက်အဦးဆိုင်ရာတာဝန်ခံ ဦးထန်ခန့်ဂင်တို့သည် (၁၀.၅.၂၀၁၉)ရက်နေ့တွင် အိုက္ကားကျေးရွာအုပ်စု၊ အိုက္ကားကျေးရွာနှင့်စာလ်ထောင်ကျေးရွာအုပ်စု၊ စာလ်ထောင်ကျေးရွာသို့လည်းကောင်း၊ (၁၁.၅.၂၀၁၉) ရက်နေ့တွင် ဟာလ်တူးကျေးရွာအုပ်စု၊ ဟာလ်တူးကျေးရွာသို့လည်းကောင်း ကွင်းဆင်းခဲ့ကြရာ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံပြီး လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စီမံကိန်းအတွင်း ကျား/မရေးရာ လုပ်ဆောင်နေမှုများနှင့် အသိပညာပေးမှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်နယ်တာဝန်ရှိသူများသည် အိုက္ကားကျေးရွာမှ တတိယနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာလူထုခန်းမဆောင်စီမံကိန်းလုပ်ငန်းခွဲဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဒုတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်ခဲ့သော စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းအားလည်းကောင်း၊ စာလ်ထောင်ကျေးရွာတွင် ဆောင်ရွက်သော ကျေးရွာလူထုခန်းမဆောင်(တတိယနှစ်စက်ဝန်း)အားလည်းကောင်း၊ ဟာလ်တူးကျေးရွာတွင် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းခွဲများဖြစ်သော မူကြိုကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်း(ပထမနှစ်စက်ဝန်း)၊ ကျေးရွာလူထုခန်းမဆောင်လုပ်ငန်း(ဒုတိယနှစ်စက်ဝန်း)၊ မီးတိုင်လှဲလှယ်ခြင်းလုပ်ငန်းနှင့်ဘော်လုံးကွင်းတိုးချဲ့ခြင်းလုပ်ငန်း(တတိယနှစ်စက်ဝန်း)အားလည်းကောင်းကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။