အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆို၊ မှတ်တမ်းဓါတ်ပုံပြပွဲ ကျင်းပ

 

မတ် ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် မှတ်တမ်းဓါတ်ပုံပြပွဲ ကျင်းပကြောင်း သိရသည်။

မှတ်တမ်းဓါတ်ပုံပြပွဲကို မတ် ၅ ရက်နံနက် ၉ နာရီက ငါန်းဇွန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ပြီး `ခွင့်တူညီရေးစဉ်းစားလို့ စွမ်းရည်မြှင့်ရေးအလေးပေးဖို့ ပြောင်းလဲမှုကိုဖန်တီးစို့´ဟူသော ဆောင်ပုဒ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများ၏ ဦးဆောင်ပါဝင်မှု အခန်းကဏ္ဍ အရေးကြီးကြောင်းနှင့် အမျိုးသမီးများ ဦးဆောင်ပါဝင် ဆောင်ရွက်နေမှုများကို အခြားမိတ်ဖက် အဖွဲ့အစည်းများက သိရှိနားလည်လာပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်းစေရန် စသည့်အချက်များဖြင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောကြားချက်အရ သိရသည်။

ထို့နောက် ကျေးရွာမှ စီမံကိန်းလုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်နေသော အမျိုးသမီးကိုယ်စားလှယ် လေးဦးက လူထုဗဟိုပြုစီမံကိန်းတွင် ပါဝင်လာပြီး ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသော အခက်အခဲများ၊ ဘဝအတွေ့အကြုံများနှင့် ရရှိလာသည့် အောင်မြင်မှုအကြောင်းကို ပြောကြားပြီး ခင်းကျင်းပြသထားသည့် အမျိုးသမီးထု၏ တက်ကြွစွာပါဝင်ခဲ့သည့် သင်တန်းများ၊ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းပုံများကို ကြည့်ရှုကြသည်။

မှတ်တမ်းဓါတ်ပုံပြပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၂၃၀ ခန့်တက်ရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)