ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်သည် တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဖိုင်တူကျေးရွာအုပ်စုလူထုများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်သည် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်သို့ (၁၈.၅.၂၀၁၉)ရက်နေ့၊ နေ့လယ်(၁၁:၀၀)ခန့်တွင်ရောက်ရှိရာ တွန်းဇံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်း(ကျေးလက်နှင့်လူထုဗဟိုပြုစီမံကိန်း)များနှင့်တွန်းဇံမြို့နယ်ကျေးလက်ရုံးတွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် တွန်းဇံမြို့နယ်ကျေးလက်ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်မှ ဌာနအတွင်းလက်ရှိလုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းမြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်ဒေါ်ဇင်မာထွန်းမှ လူထုဗဟိုပြုစီမံကိန်း၊ ပထမနှစ်စက်ဝန်းတွင် ဆောင်ရွက်ပြီးစီးခဲ့သည့်စီမံကိန်းလုပ်ငန်းခွဲပေါင်း (၈၁)ခုရှိခဲ့ပါကြောင်းနှင့် ဒုတိယနှစ်စက်ဝန်းတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း(၆၄)ခုအား ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့်ဒေသအတွင်း သွားလာမှုအခက်အခဲများ၊ ဝန်ထမ်းဖွဲ့စည်းပုံများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက်လူထုစည်းရုံးရေးမှူး(၃)ဦးနှင့်လက်ထောက်နည်းပညာမှူး(၃)ဦးမှ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို တင်ပြခဲ့ကြပါသည်။

တင်ပြဆွေးနွေးမှုများအပြီးတွင် ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးချက်များကို ပြန်လည်ဖြေရှင်းကာ အခက်အခဲများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဝန်ထမ်းများနှင့် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများသည် အရောင်အသွေးမတူ၊ အုပ်ချုပ်မှုနည်းစနစ်များ မတူညီကြသည့်အတွက်ကြောင့် ၄င်းမတူညီမှုများကို တစ်ဦးနှင့်တစ်ဦးနားလည်ပေးကြပါရန်နှင့် မိမိတို့ဒေသတွင်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းအောင်မြင်ရေးအတွက် စေတနာရှေ့ထားပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြပါရန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်သည် တွန်းဇံမြို့နယ်ရုံးဆောက်လုပ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် မူလတန်းကျောင်းတည်ဆောက်ခြင်းနှင့် ဖိုင်တူ-ခမ်ဇန်ရွာချင်းဆက်ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ရာ ဖိုင်တူကျေးရွာအုပ်စု၊ ဖိုင်တူကျေးရွာသို့ရောက်ရှိကာ ဖိုင်တူအုပ်စုကျေးရွာလူထုမှ ချင်းရိုးရာအကများဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး ညွှန်ချုပ်အား ကျန်းမာချမ်းသာပါစေကြောင်းဆုတောင်းမေတ္တာပို့သပေးကြပါသည်။ ထို့နောက်ညွှန်ချုပ်သည် ကျေးရွာလူထုများနှင့်တွေ့ဆုံကာ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းကာ ပြန်လည်ဖြေရှင်းပေးခဲ့ပါသည်။