လူထုဗဟိုပြုစီမံကိန်း၏အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လှုပ်ရှားမှုအခမ်းအနားကို မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ မတ်လ(၈)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လူထုဗဟိုပြုစီမံကိန်း၏အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လှုပ်ရှားမှုအခမ်းအနား (International Women Day Campaign) ကို “ခွင့်တူညီရေးစဉ်းစားလို့၊ စွမ်းရည်မြှင့်ရေးအလေးပေးဖို့၊ ပြောင်းလဲမှုကိုဖန်တီးစို့” ဟူသောဆောင်ပုဒ်ဖြင့် (၁၅.၃.၂၀၁၉) ရက်နေ့တွင် မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျား-မ ရေးရာတာဝန်ခံ ဒေါ်စာရာလိန်းမှ  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းပြကာ မတူပီမြို့နယ်အမျိုးသမီးရေးရာအဖွဲ့အစည်းတွင် တာဝန်ရှိသူတစ်ဦးမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ပြောကြားခဲ့ပါသည်။

ဆက်လက်၍အခမ်းအနားတွင် မတူပီမြို့နယ်ဥပဒေရုံး၊ မြို့နယ်ဥပဒေအရာရှိမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားပြီး မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း၊ မြို့နယ်နည်းပညာအကြံပေး ဦးလုံပန်း(CSAGတာဝန်ခံ)မှလူထုဗဟိုပြုစီမံကိန်းတွင် အမျိုးသမီးများပါဝင်မှုကဏ္ဍများအကြောင်းကို အကျဉ်းချုပ်ပြောကြားကာ မတူပီမြို့နယ်၊ ငလိုင်ကျေးရွာမှ မြစိမ်းရောင်ကော်မတီဥက္ကဌ ဒေါ်ပါရ်ဇိန်မှ မြစိမ်းရောင်လုပ်ငန်းတွင် အမျိုးသမီးများ၏ လုပ်ငန်းဆောင်ရွက်မှုအကျိုးကျေးဇူးအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပြီး မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအာလ်လျန်ထန်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်အမတ်၊ တွန်းဇံမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာကိုယ်စားလှယ်များ၊ စီမံကိန်းဝန်ထမ်းများ၊ စုစုပေါင်း(၈၅)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။