လယ်ဝေးမြို့နယ် ညောင်ပင်အိုင်ကျေးရွာ ကြိုးတံတားဖွင့်ပွဲကျင်းပ

နေပြည်တော်၊ လယ်ဝေး၊ ဖေဖော်ဝါရီလ၂၇ ရက်

    စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မှ အင်ပင် ကျေးရွာအုပ်စု၊ “ညောင်ပင်အိုင်ကျေးရွာ ကြိုးတံတားဖွင့်ပွဲ” အခမ်းအနားကို ညောင်ပင်အိုင် ကျေးရွာ၌ (၂၇.၂.၂၀၁၉)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကျင်းပပြုလုပ်ရာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် မှအဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက်တွင် နေပြည်တော်လူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်အေးမှ တံတားတည်ဆောက်ခြင်းလုပ်ငန်းအား နှင့်ပတ်သက်၍အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ညောင်ပင်အိုင်ကျေးရွာ ရာအိမ်မှူးမှကြိုးတံတားဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပါ သည်။

     ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီပြုံး ၊ ညောင်ပင်အိုင်ကျေးရွာ စီမံကိန်းအထောက်အကူပြုကော်မတီ တို့မှ ညောင်ပင်အိုင်ကြိုးတံတားအားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက်တွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် နှင့် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးဝင်း တို့မှ တံတားကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရေပက်ဖြန်းပေးခဲ့ကြပြီးကြိုးတံတားအားဖြတ်သန်း ကြည့်ရှု့ခဲ့ကြပါသည်။

အဆိုပါ ကြိုးတံတားဖွင့်ပွဲ အခမ်းအနားသို့နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးဝင်း ၊လယ်ဝေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော် ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ မီဒီယာများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/သားများ စုစုပေါင်း (၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၁:၀၀)နာရီ တွင်အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

     အဆိုပါစီမံကိန်းလုပ်ငန်းခွဲမှာ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေဖြင့် သာမက ကျေးရွာမှ လူအား၊ ငွေအားတို့ဖြင့် ပေါင်းစပ်ဖြည့်ဆည်းကာ စုစုပေါင်းကုန်ကျငွေ(၂၁.၃၇၈)သန်းဖြင့် မြို့နယ်၊တိုင်းနှင့်ပြည်ထောင်စု အဆင့်များရှိ အခြေခံ အဆောက်အအုံဌာနများမှ နည်းပညာ အကူအညီရယူကာ ပြည်သူလူထုမှကိုယ်တိုင်တည်ဆောက် ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါကြိုး တံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ညောင်ပင်အိုင်ကျေးရွာ အပါအဝင် ကျေးရွာ(၁၀) ရွာရှိ ကျေးလက်နေပြည်သူများအနေဖြင့် ရာသီအချိန်မရွေး ကူးလူးဆက်သွယ် သွားလာနိုင်တော့မည်ဖြစ်ပါသည်။