ပလက်၀မြို့နယ်တွင်Information Campaign ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ချင်းပြည်နယ်၊ ပလက်၀မြို့နယ် လူထုဗဟိုပြုစီမံကိန်းသည် စီမံကိန်းဆိုင်ရာဝေဖန်အကြံပြုတိုင်ကြားချက်များ၊ ကျား/မရေးရာတန်းတူညီမျှမှုများစသည့် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများကို ကျေးရွာလူထုများနှင့် ပိုမိုရင်းနှီးကျွမ်း၀င်မှုရှိစေရန်ရည်ရွယ်လျက် လူထုဗဟိုပြုစီမံကိန်းပြခန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သောခူမီးရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ ပလက်၀ မြို့နယ်၊ ကျီးလေကျေးရွာအုပ်စု၊ ကျီးလေကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပြခန်းတွင် စီမံကိန်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ စီမံကိန်းလုပ်ငန်းခွဲမှတ်တမ်းဓါတ်ပုံများ၊ စီမံကိန်းဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ လက်ကမ်းစာစောင်များ၊ စီမံကိန်းလက်စွဲစာအုပ်များနှင့်အခြားသောစီမံကိန်းဆိုင်ရာစာအုပ်များကိုအများပြည်သူ လေ့လာနိုင်ရန်အတွက် ခင်းကျင်းပြသထားပါသည်။ ထို့ပြင် တက်ရောက်လာကြသောပရိသတ်များအား စီမံကိန်းဝန်ထမ်းများမှ စီမံကိန်းဆိုင်ရာမေးခွန်းများ မေးမြန်းကြရာ၊ အဖြေမှန်ဖြေဆိုနိုင်သူများကို စီမံကိန်းတံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြပါသည်။  အဆိုပါ လူထုဗဟိုပြုစီမံကိန်းပြခန်းကိုလာရောက်ကြည့်ရှုလေ့လာသူ လူထုပေါင်း (၅၀၀)ခန့်ရှိခဲ့ပါသည်။ ပလက်ဝမြို့နယ်လူထုဗဟိုပြုစီမံကိန်းသည် ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စတုထ္တနှစ်စက်ဝန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။