မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကို မဘိမ်းမြိုနယ်ခန်းမတွင် ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ် စီမံကိန်းစက်ဝန်းအတွက် မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မဘိမ်းမြိုနယ်ခန်းမတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မဘိမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO/INGO) များမှ ကိုယ်စားလှယ်များ၊ ကျေးရွာ (၅၇)ရွာမှ လူထုဗဟိုပြု စီမံကိန်း ကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီ ဥက္ကဌများ၊ လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၊ ကျေးရွာအုပ်စု(၁၆)အုပ်စုမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြစိမ်းရောင်ကော်မတီဝင်များ၊ လေ့လာသူများ၊ အမျိုးသား(၁၄၆ )ဦး၊ အမျိုးသမီး (၉၆ )ဦး ၊စုစုပေါင်း(၂၄၂ )ဦး၊ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ယမန်နှစ်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများမှ အတွေ့အကြုံများကိုမျှဝေခြင်း၊ အောင်မြင်မှုများ၊ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်လုပ်ငန်းများ၊ နောက်လာမည့် စီမံကိန်းလုပ်ငန်းများအား ပိုမိုတိုးတက်ကောင်းမွန်လာစေရန်‌အတွက် ဆောင်ရွက်ရန် သုံးသပ်ချက်များနှင့် ရရှိသည့် သင်ခန်းစာများ မျှဝေခြင်း၊ ကျေးရွားဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မဘိမ်းမြို့နယ်တွင် စီမံကိန်း‌‌ဆောင်ရွက်မှု အကောင်းဆုံးကျေးရွာအုပ်စုဖြစ်သည့် ပထမဆုကို ချောင်းဝကျေးရွာအုပ်စုမှလည်းကောင်း၊ ဒုတိယဆုကို မိုးလုံးကျေးရွာအုပ်စု မှလည်းကောင်း၊ တတိယဆုကို ဘဟဲ ကျေးရွာအုပ်စုမှ လည်းကောင်း၊ စီမံကိန်းဆောင်ရွက်မှု အကောင်းဆုံး ကျေးရွာ ဖြစ်သည့် ပထမဆုကို သဲချောင်းကျေးရွာမှ လည်းကောင်း၊ ဒုတိယဆုကို စီဖွားကျေးရွာမှ လည်းကောင်း၊ တတိယဆုကို ကောင်ကင်သာကျေးရွာမှ လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ရာ ဆုများကို အခမ်းအနားတွင် ပေးအပ်ခဲ့သည်။

၎င်းအခမ်းအနားတွင် မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုနှင့် ရှမ်းပြည်နယ်၊ လူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ စီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကိုအေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မဘိမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦးမှ နိဂုံးချုပ် အမှာ စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။