ချင်းပြည်နယ်လူထုဗဟိုပြုစီမံကိန်းဆောင်ရွက်ရာမတူပီမြို့နယ်(ဒုတိယနှစ်စက်ဝန်း)တွင် VDP Workshop ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)မှ မြို့နယ် စီမံကိန်းရေးဆွဲရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၂၅-၂၆) ရက်နေ့များတွင် မတူပီမြို့၊ ဘုံတလာခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးတိုးတိုးထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းမှ ကျေးရွာအုပ်စုများ၏ လိုအပ်ချက်များကို ဖြည့်စွတ်ဆွေးနွေးပြောကြားသွားပါသည်။

 

အခမ်းအနားပထမရက်နေ့တွင် မြို့နယ်စီမံကိန်းရေးဆွဲရာ၌ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ NGO၊ INGOများ ပူးပေါင်းပါဝင်လျက် (၁) လူမှုစီးပွားရေးဆိုင်ရာအခက်အခဲများ(ပညာရေး၊ ကျန်းမာရေး)၊ (၂)အသက်မွေးဝမ်းကျောင်းဆိုင်ရာအခက်အခဲများ (စိုက်ပျိုးရေး၊ မွေးမြူရေး၊ ချေးငွေ၊ လည်ပတ်ရန်ပုံငွေ)၊ (၃) အခြေခံအဆောက်အဦးဆိုင်ရာအခက်အခဲများ (လမ်း၊တံတား၊သောက်သုံးရေ၊ မီး)၊ (၄) သဘာဝဘေးအန္တရာယ်လျော့ပါးရေး စသည့် ခေါင်းစဉ်များဖြင့် အခက်အခဲများ ဖော်ထုတ်ခြင်း၊ အကောင်အထည်ဖော်ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ရရှိလာမည့်အကျိုးကျေးဇူးများကို အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါသည်။

 

အခမ်းအနားဒုတိယနေ့တွင် အုပ်စုဖွဲ့ဆွေးနွေးခြင်းများမှ ရရှိလာသောရလဒ်များအား အုပ်စုကိုယ်စားလှယ်များမှ ပြန်လည်တင်ပြခဲ့ကြပြီး ၄င်းဆွေးနွေးချက်များအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလာလ်မင်းထန်မှ ဆွေးနွေးဖြည့်စွတ်မှာကြားပြီး တက်ရောက်လာသည့် အုပ်စုကိုယ်စားလှယ်တော်များမှ ဌာနဆိုင်ရာများသို့ သိရှိလိုသည်များ မေးမြန်းခြင်းအခန်းကဏ္ဍကို ဆက်လက်ဆောင်ရွက်ကြရာ မေးမြန်ချက်များကို တာဝန်ရှိပုဂ္ဂိုလ်များမှ ရှင်းလင်းဖြေကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။