Meeting Organized for Village Street Construction in Naung Tha Nge Village of Hlaingbwe
Kayin, 14 December 2020, Ministry of Information
လှိုင်းဘွဲ၊ ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေသော လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် နောင်သငဲ့ကျေးရွာအုပ်စု နောင်သငဲ့ကျေးရွာ ရွာတွင်း ကျောက်ချောမြေသားလမ်း ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အကြံပြုချက် ရရှိနိုင်ရန် အစည်းအဝေး တစ်ရပ်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
နောင်သငဲ့ကျေးရွာတွင် စီမံကိန်း ထောက်ပံ့ငွေ ၁၂,၀၀၀,၀၀၀ ကျပ် ဖြင့် ဆောင်ရွက်နေသော ရွာတွင်းကျောက်ရောမြေသားလမ်း ခင်းခြင်း (အရှည် ၁၀၃၃ပေ ၊ အကျယ် ၁၅ပေ ၊ ထု ၁ပေ) လုပ်ငန်း နှင့် ပတ်သတ်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ဝန်ခံမှုများ တိုးတက်လာစေရန်၊ ရပ်ရွာ ပူးပေါင်းပါဝင်မှု ပိုမို အားကောင်း လာစေရန်၊ ပိုမိုကောင်းမွန်သော ရလဒ်မှ စိတ်ကျေနပ်မှု တိုးတက် မြင့်မားလာစေရန်၊ မလိုလားအပ်သော ပြသာနာများ လျော့ကျစေရန် ရည်ရွယ်၍ အစည်းအဝေး ကျင်းပရခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝေဖန်အကြံပြု ဖြေရှင်းရေးတာဝန်ခံ ဦးညီညီဇော်၊ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့မှ ဝေဖန် အကြံပြု တာဝန်ခံ ဦးနန္ဒထွန်း၊ ကျေးရွာ တာဝန်ခံ လူထု စည်းရုံးရေးမှူးများ၊ နောင်သငဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ ကျေးရွာ စီမံကိန်း အထောက်အကူပြုကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာ ပြည်သူ လူထုတို့ တက်ရောက်ခဲ့ ကြကြောင်းသိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)