ကွမ်းခြံကုန်း မြို့နယ်မှာ Cash for Work စီမံကိန်း ကျေးရွာ ၈ ရွာနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ကျေးရွာ ၉ ရွာမှာ ဆောင်ရွက်ခဲ့

Cash for Work Project Cover 8 Villages and Village Revolving Fund Project 9 Villages of Kungyangon

Yangon, 20 October 2020, SkyNet Media Coverage

ရန်ကုန်တောင်ပိုင်း ခရိုင် ကွမ်းခြံကုန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ စီမံကိန်း လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသည် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (Covid-19 Economic Relief Plan - CERP) အရ ကျေးလက်ဒေသနေ မိသားစုတွေ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲတွေကို ကုစားနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Cash for Work စီမံကိန်းကို ကွမ်းခြံကုန်း မြို့နယ် ကျေးရွာ ၈ ရွာမှာ လုပ်ငန်း ခွဲ ၂၀ ခု ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ လမ်းတံတား ၁၀ ခု၊ ရေရရှိရေး ၆ ခု၊ ကျန်းမာ သန့်ရှင်း‌ရေး ၃ ခု၊ အခြား အဆောက်အအုံ တစ်ခု တို့ ပါဝင်ပြီး၊ ဇူလိုင်မှ စက်တင်ဘာလ အထိ ၃ လ အတွင်း ရာနှုန်းပြည့် အကောင်အထည် ဖော်ခဲ့ပြီး၊ Cash for Work စီမံကိန်းဟာ ကျေးလက်နေ ပြည်သူတွေ အလုပ်အကိုင်နဲ့ ဝင်ငွေ ရရှိဖို့ အတွက် ကျေးရွာ တစ်ရွာကို ရန်ပုံငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ ပေးပြီး၊ လုပ်အား ခ ၆၀ ရာခိုင်နှုန်း ပစ္စည်းဖိုး ၄၀ ရာခိုင်နှုန်းဖြင့် စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

ထို့အပြင် ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူတွေ ထုတ်လုပ်ရောင်းချသူတွေကို သွင်းအားစုနဲ့ ဝင်ငွေ ရရှိစေရေးအတွက် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၉ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ စီမံကိန်းမှာ အိမ်ခြေ ၁၀၁ နဲ့ အထက် ကျေးရွာတွေကို ငွေကျပ် သိန်း ၃၀၀၊ အိမ်ခြေ ၅၀ နဲ့ ၁၀၀ ကြား ကျေးရွာတွေကို ငွေကျပ် သိန်း ၂၀၀၊ အိမ်ခြေ ၅၀ နဲ့အောက် ကျေးရွာတွေကို ငွေကျပ် သိန်း ၁၀၀ သတ်မှတ်ပြီး၊ မတည် ရန်ပုံငွေ အဖြစ် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

ကွမ်းခြံကုန်း မြို့နယ်မှာ ငွေကျပ် သိန်း ၃၀၀ ၆ ရွာ ၊ ငွေကျပ် သိန်း ၂၀၀ နှစ်ရွာ ၊ ငွေကျပ် သိန်း ၁၀၀ တစ်ရွာ စုစုပေါင်း ကျေးရွာ ၉ ရွာအတွက် ရန်ပုံငွေကျပ် သိန်း ၂၃၀၀ ကို ဩဂုတ်လ အကုန်မှာ ရာခိုင်နှုန်းပြည့် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်ပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#CFW, #VRFP, #NCDDP, #DRD, #MOALI, #WorldBank