ထန်းတပင်၌ Cash for Work နှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း VRFP ဆောင်ရွက်မည့် ကျေးရွာ (၁၆)တို့အား ရန်ပုံငွေပေးအပ်

ထန်းတပင် (ရန်ကုန်)၊ သြဂုတ် ၁၁

ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ရောဂါကြောင့် ဝင်ငွေလျော့နည်းလာမှုများနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၀)ရွာတို့တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project - VRFP ကို ကျေးရွာ(၆)ရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲကို သြဂုတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကျင်းပြုလုပ် ခဲ့ကြ သည်။

စီမံကိန်းရန်ပုံငွေပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်လင်းသန်းက စီမံကိန်းရန်ပုံငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း အမှာစကားပြော ကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ကိုဗစ်-၁၉ ကာလအတွင်း၌ ပြည်သူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်စီမံကိန်း ရေးဆွဲရေး နှင့် အကောင်အထည်ဖော်ရေးကော်မတီ(TPIC)အဖွဲ့ဝင်များက Cash For Work စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၁၀)ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၁ဝဝဝ)နှင့် VRFP စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၆) ရွာ အတွက် ကျေးရွာ မတည်ရန်ပုံငွေေ ကျပ်သိန်း (၁၅ဝဝ) တို့ကို စီမံကိန်းကျေးရွာ(၁၆)ရွာတို့မှ ကျေးရွာစီမံကိန်း ကော်မတီ တာဝန်ရှိသူများထံသို့ ပေးအပ် ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် Cash For Work စီမံကိန်းကို စန္ဒယော် (ရွာမ)၊ မို့သင်၊ လသာ၊ ကျားဟုန်း၊ သုံပုရာကုန်၊ ထိုးနာရီ၊ လက်ကြပ်၊ အောက်ခြံတန်း၊ အုပ်ပင်စု နှင့် ဒေါင့်ကြီးကျေးရွာ(၁၀)ရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး VRFP စီမံကိန်းကျေးရွာ မတည် ရန်ပုံငွေ ကို ပန်သပွတ်၊ ကျော်ဇောကုန်း၊ ညောင်လေးပင်၊ အောက် ဓာတ်တော်ကုန်း၊ မင်္ဂလာကုန်းနှင့် ညောင်ပင်အင်း ကျေးရွာ(၆)ရွာတို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/3725