ပူတာအိုမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Cash for Work Project Activities in Putao Completed 100 Percent

Putao, 25 September 2020, Ministry of Informaton

ပူတာအို စက်တင်ဘာ ၂၅

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက် ဒေသနေ မိသားစုများ ၀င်ငွေလျော့နည်း လာမှုနှင့် စား၀တ်နေရေး အခက်အခဲ များကို ကုစားပေး နိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်း Cash For Work စီမံကိန်းငါးရွာတွင် ထောက်ပံ့ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း (၁၀၀)စီ စုစုပေါင်း ငွေကျပ်သိန်း (၅၀၀) ဖြင့် မန်ပန်ကျေးရွာတွင် ကျေးရွာတွင်း ရေနှုတ်မြောင်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁၁)ခု တည်ဆောက်ခြင်း လုပ်ငန်း၊ ဖန်ခိုင်(၁) ကျေးရွာတွင် ကျေးရွာတွင်း ရေနှုတ်မြောင်း ပြုပြင်ခြင်း လုပ်ငန်း၊ ဆထီလော်(၂) ကျေးရွာတွင် ကျေးရွာပိုင် စားကျက်မြေ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်း၊ ဆထီလော်(၃) ကျေးရွာတွင် ရွာတွင်း သဲကျောက်လမ်း ပြုပြင်ခြင်းနှင့် ရေပြွန်(၁)ခု တည်ဆောက်ခြင်း လုပ်ငန်း၊ နမ်ရှယ်စွပ် ကျေးရွာတွင် ကျောင်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်း စုစုပေါင်း လုပ်ငန်းငါးခုတို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လိုအပ်သော နည်းပညာများ ပံ့ပိုးပေး ခြင်းဖြင့် လုပ်ငန်း အကောင်အထည်ဖော် ပြီးစီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ် ကာလ အတွင်း ကျေးလက်နေ ပြည်သူများ တွေ့ကြုံရသော စီးပွားရေး အခက်အခဲများကို ဖြေရှင်းရန် အတွက် ယင်းကျေးရွာများမှ ဒေသခံ ပြည်သူများအား ၀င်ရောက် လုပ်ကိုင်စေ၍ ကိုဗစ်ကာလတွင် ၀င်ငွေရရှိစေရန် လုပ်အားခ ပေးချေခြင်း စနစ်ဖြင့် ဇူလိုင်(၂၃)ရက်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၁၆)ရက်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)

ကချင်ပြည်နယ်

ဝေးလံခေါင်ဖျားဒေသသတင်းများ

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12862