Cash for Work စီမံကိန်းကို မြိုင်မြို့နယ် ကျေးရွာပေါင်း ၁၂ ရွာမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Magway, SkyNet Media Coverage

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် အရ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ ဇီးဖြူပြင် ကျေးရွာ ကျေးရွာတွင်းလမ်း မြေနီ ကျောက်စရစ်ခင်းခြင်း နဲ့ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေတွေနဲ့ ငွေစာရင်းဇယား ဖြည့်သွင်း ထားရှိမှု အခြေအနေတွေကို စက်တင်ဘာလ ၁၃ ရက်နေ့က တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးပါတယ်။

အဲလိုကွင်းဆင်း စစ်ဆေးရာမှာ ပခုက္ကူ ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးတင့်ငွေ၊ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မင်းထွန်းနဲ့ ဝန်ထမ်းတွေ အဖွဲ့က ကျေးရွာ ကော်မတီဝင်တွေနဲ့အတူ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ လမ်းအ ရှည်ပေ ၂၀၀၀ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ရှိတဲ့ မြေနီ ကျောက်စရစ် ခင်းခြင်း လုပ်ငန်းနဲ့ အရှည်ပေ ၄၅၀၀၊ အကျယ် ၁ ပေ ၉ လက်မ၊ အနက် ပေ ၁ ပေ ၆ လက်မ ရှိတဲ့ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုနဲ့ ကျေးရွာ ကော်မတီဝင်တွေရဲ့ ငွေ စာရင်းဇယား ဖြည့်သွင်းထားရှိမှုတွေကို ကြည့်ရှု့ စစ်ဆေးပြီး တော့ လိုအပ်တာတွေကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီ Cash for Work စီမံကိန်းကို မြိုင်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျေးရွာပေါင်း ၁၂ ရွာမှာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း နဲ့ အခုအခါမှာ လုပ်ငန်း အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်တယ်လို့ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှုး ဦးကျော်မင်းထွန်းထံက သိရပါတယ်။

သတင်း - ဇော်မင်းဌေး

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage