မြင်းခြံမြို့နယ် ကျေးရွာ ၁၁ ရွာမှာ Cash for Work စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီး

Rural Development Activities under Cash for Work Project in 11 Villages of Myingyan Completed

Mandalay, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ CERP အစီအစဉ်အရ မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ် ကျေးရွာ ၁၁ ရွာမှာ Cash for Work စီမံကိန်းနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိရာ အခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါတယ်။

မြင်းခြံ မြို့နယ်အတွင်း CFW စီမံကိန်း ကျေးရွာတွေ ဖြစ်တဲ့ ကြာကန်၊ မြင်သာ၊ ဇီးပင်ကန်၊ သစ်ရုံ၊ တူရွင်းဘို့၊ အေးရွာ၊ ရှားတော၊ ခေါင်းကွဲ နဲ့ ဆင်းဂွတ် စတဲ့ ကျေးရွာတို့မှာ စီမံကိန်း ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀ စီနဲ့ ရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်း ၉ ခု၊ ရေပြွန် ၃ စင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း ၆ ခု၊ မြေသား ရေကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းတွေကို ကျေးရွာ လူထု လုပ်အားနဲ့ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နည်းပညာ ပံ့ပိုးမှု၊ CFW စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု လုပ်အားကို အသုံးပြုပြီး၊ လုပ်အားခ ၆၀ ရာခိုင်နှုန်း၊ ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

​ #CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage