ကန်ကြီးထောင့်မြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသွားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့် စက်တင်ဘာ ၁၁

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP)အရ အလုပ်ပေး၊ ငွေပေး (Cash For Work) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်အောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်နှင့် တာဝန်ရှိသူများက အလုပ်ပေး၊ ငွေပေး စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားသော ဝဲချောင်းကျေးရွာနှင့် ကျီးတော(တောင်) ကျေးရွာတို့မှ မြေသားလမ်းပြုပြင်ခြင်းနှင့် သဲခင်းခြင်းလုပ်ငန်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်းနှင့် ကွန်ကရစ်အုတ်ဘောင်ခတ် သဲခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ငွေစာရင်းဇယားပုံစံများ ဖြည့်သွင်း ပြုစုထားရှိမှု အခြေအနေတို့ကို စစ်ဆေးပြီး လမ်းများရေရှည် တည်တံ့ကောင်းမွန်စေရေးအတွက် ရွာသူ၊ ရွာသားများနှင့် ကျေးရွာ ကော်မတီများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ကာလအတွင်း အလုပ်အကိုင်ရှားပါးလာမှုနှင့် စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားနိုင်ရန် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မြို့နယ်အတွင်း ကျေးရွာ ရှစ်ရွာ၌ ဇူလိုင်လ စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အလုပ်ပေး၊ ငွေပေးစီမံကိန်းလုပ်ငန်းများအားလုံးမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

နန်းထိုက် (ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/10266