ဒေးဒရဲမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် မြေသားလမ်း ပြုပြင်ခြင်းနှင့် အုတ်ဘောင်ခတ် သဲခင်းခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဂွကလေး ကျေးရွာ အုပ်စု ညောင်ပင်တန်း ကျေးရွာမှာ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု ကုစားမှု အစီအစဉ် CERP အရ Cash for Work စီမံကိန်း ဖြင့် အကောင် အထည် ဖော် ဆောင်ရွက်လျက် ရှိတဲ့ မြေသားလမ်း ပြုပြင်ခြင်းနဲ့ အုတ်ဘောင်ခတ် သဲခင်းခြင်း လုပ်ငန်းကို ဆောင်ရွက် နေတာနဲ့ ပတ်သတ်ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ (၂) ဦးထက်ပိုင်သူက အခုလို ပြောကြားပါတယ်။

 

“ဒေးဒရဲမြို့နယ် ဂွကလေး ကျေးရွာ အုပ်စု ညောင်ပင်တန်း ကျေးရွာ ကျေးရွာ အဝင်လမ်း မြေသား ပြုပြင်ခြင်းနဲ့ အုတ်ဘောင်ခတ် သဲခင်းခြင်း လုပ်ငန်းကို ညောင်ပင်တန်း ကျေးရွာက ကျေးရွာသူ ကျေးရွာသားများ ကျောင်းသား ကျောင်းသူများ၊ လွယ်ကူ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် Cash for Work စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၁၀ သန်း ဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းမှာ အလုပ်လုပ်ကိုင်ခွင့် ရရှိတဲ့ အိမ်ထောင်စုကတော့ အိမ်ထောင်စု ၄၀၊ အိမ်ထောင်စု ၄၀ ထဲက လုပ်သားတွေကို တစ်ရက်ကို ၆၀၀၀ နှုန်းနဲ့ အိမ်ထောင်စု တစ်စုကို ၂၅ ရက်နှုန်း အလုပ်လုပ်ဖို့အတွက် ကျနော်တို့ စီမံ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းကို ဇူလိုင်လ ၂၃ ရက်နေ့ကနေ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီးတော့ ဩဂုတ်လ ၃၁ ရက်နေ့ အပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ လမ်းဟာ ညောင်ပင်တန်း ကျေးရွာနဲ့ ဖျာပုံ-ဒေးဒရဲ ကားလမ်းမကြီး ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီးတော့ အဆိုပါလမ်း ပြီးဆုံးသွားမယ် ဆိုလို့ ရှိရင် ဂွကလေး ကျေးရွာအုပ်စု၊ အပေါင်ကလေး ကျေးရွာအုပ်စုနဲ့ ဗျိုင်းရေကုန်း ကျေးရွာအုပ်စု တွေက ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆက်သွယ် သွားလာနိုင်မှာ ဖြစ်ပါတယ်။”

 

ကျေးရွာ နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး Cash for Work စီမံကိန်းဖြင့် ညောင်ပင်တန်း ကျေးရွာ အဝင်လမ်းကို ဇူလိုင်လ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ အရှည် ၃၁၅၀ ပေ၊ အကျယ် ၈ ပေ ရှိပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်းမှာ ခွင့်ပြု ရန်ပုံငွေ ကျပ် ၁၀ သန်းဖြင့် ဆောင်ရွက်လျက် ရှိပြီး၊ ဩဂုတ်လအတွင်းမှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

သတင်း ပေးပို့သူ - မြင့်မြင့်ခိုင် (မြို့နယ် ဦးစီးမှူး)

ရိုက်ကူးသူ - အေးမြမွန် (ရုပ်သံ ကျွမ်းကျင် ၃)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/index.php/video/4206