ကွမ်းခြံကုန်းမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကွမ်းခြံကုန်း ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ဖြင့် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရန်ကုန်တိုင်းဒေသ ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးဝင်းမြင့် ဟန်နှင့် တာဝန်ရှိသူများက စီမံကိန်းဝင်ကျေးရွာဖြစ်သော ထင်းပုံဆိပ်ကျေးရွာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ လျော့ပါးလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ပြန်လည်ကုစား နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းဝင် ကျေးရွာတစ်ရွာဖြစ်သော ထင်းပုံဆိပ်ကျေးရွာတွင် အရှည်(၁၅၀၀)ပေ၊ အနံ(၃)ပေ၊ အနက်(၂)ပေရှိသော ရေနုတ်မြောင်းတူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ မြို့နယ် အတွင်း Cash for Work စီမံကိန်း ဆောင်ရွက်ရန် ကျေးရွာ(၈)ရွာ ရွေးချယ်ထားပြီး တစ်ရွာလျှင် စီမံကိန်းထောက်ပံ့ငွေသိန်း(၁၀၀) သတ်မှတ် ထားပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် မိမိတို့ကျေးရွာ၏ လိုအပ်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကော်မတီ ဖွဲ့ရွေးချယ်စေ ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်အားခငွေ ချက်ချင်းပေးချေသည့်စနစ်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံက သိရ သည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4372