Wednesday, 12 August 2020, MRTV Media Coverage
COVID-19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံတော် အစိုးရမှ ချမှတ်ထားတဲ့ စီးပွားရေး ကုစားမှု အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ Cash for Work စီမံကိန်းအား အကောင်အထည်ဖော် လျက်ရှိရာ Cash for Work စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင် အမာခံ လမ်းလုပ်ငန်း၊ ကျော်ချော မြေလမ်းတွေ ကွန်ကရစ် ခင်းခြင်း၊ ကျေးရွာတွင်း ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ဘောလုံးကွင်း ပြုပြင်ခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း၊ မြေသား ရေကန် ပြုပြင်ခြင်း၊ ရေကာတန်း ပြုပြင် တည်ဆောက်ခြင်း၊ ဂဝံ မြေသားလမ်း ခင်းခြင်း၊ စတဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ ၂၅ ရွာနဲ့ ဖားဆောင်းမြို့နယ်ရှိ ကျေးရွာများမှာ လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော် ခရိုင် မန်စီ မြို့နယ်နှင့် ရွှေကူ မြို့နယ် ရှိ ကျေးရွာများမှာ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး မင်းဘူး ခရိုင် စေတုတ္တရာ မြို့နယ်မှာ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ခရမ်း မြို့နယ်မှာ လည်းကောင်း ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် ဆောင်ရွက်နေတာ ဖြစ်ပြီး၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဩဂုတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
အလားတူ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ်ရောင်းချသူများ၊ အသေးစား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကြတဲ့ ကျေးလက် ဒေသနေ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ကာလမှာ လိုအပ်တဲ့ အရင်းအနှီးများ ရရှိစေရန် နိုင်ငံတော်မှ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း တစ်ရပ်အား စီစဉ် ဆောင်ရွက်ပေးလျက် ရှိရာ စီမံကိန်း ရန်ပုံငွေ ပေးအပ်ပွဲကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အုန်း တစ်ပင် ရွာမှာ လည်းကောင်း၊ ကချင်ပြည်နယ် ပူတာအို ခရိုင် မချမ်းဘောမြို့မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် ရှိ ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်ရှိ စီမံကိန်း ကျေးရွာများမှာ လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှာ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတစ်ပင် မြို့နယ်မှာလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မှာ လည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်း တာဝန်ရှိသူများထံ ရန်ပုံငွေများ ပေးအပ်ခဲ့ကြပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူ မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး ဒေသများမှာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေး အထောက်အကူပြု ပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းမှ စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းသို့ တိုးတက်လာစေရန် မွေးမြူရေး အသိပညာ ဗဟုသုတများ ပိုမို သိရှိလာစေဖို့ ရည်ရွယ်ပြီး၊ ပန်လုံကျေးရွာမှာ မွေးမြူရေးဆိုင်ရာ ပညာရေး သင်တန်း ဖွင့်လှစ် ပို့ချ ခဲ့ပါတယ်။
သင်တန်းမှာ တိရစ္ဆာန် မွေးမြူရေး အကြောင်း သိကောင်းစရာများ၊ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာ သိကောင်းစရာများအား ပို့ချပေးခဲ့ပြီး၊ ဒေသခံ ပြည်သူ ၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
သတင်း - NRC Bureau/ တိုင်းဒေသကြီးနှင့် ပြည်နယ် (ပြန်/ဆက်)
#CERP, #CFW, #DRD, #MOALI
Credit- MRTV Media Coverage