ရွှေဘိုမြို့တွင် Cash for Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား ၄၈၀ ကျော် အလုပ် အကိုင် အခွင့်အလမ်းများရရှိ

ရွှေဘို ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့တွင် Cash for Work စီမံကိန်းကြောင့် ကျေးရွာနေ လုပ်သား(၄၈၀) ကျော် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။

အဆိုပါ Cash for Work စီမံကိန်းသည် နိုင်ငံတော်၏ ကိုဗစ်ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် တစ်ရပ်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေကာ ကျေးရွာ အခြေခံ အဆောက်အဦများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာတစ်ရွာကို ခွင့်ပြုငွေ ကျပ်သိန်း(၁၀၀) ချထားပေးပြီး မိမိတို့ကျေးရွာ၏ လိုအပ်သော လမ်းခင်းခြင်း၊ ရေနှုတ်မြောင်း တူးဖော်ခြင်း၊ သောက်ရေကန်များ တူးဖော်ခြင်းနှင့် အခြေခံအဆောက်အဦများ ဆောင်ရွက်ခြင်းကို ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခမ်းအိဖြူမှ ပြောကြားသည်။

ထိုစီမံကိန်း၏ ခွင့်ပြုရန်ပုံငွေထဲမှ (၆၀) ရာခိုင်နှုန်းကို လုပ်အားခအဖြစ် သုံးစွဲပြီး (၄၀)ရာခိုင်နှုန်း ကို လုပ်ငန်းပစ္စည်းဖိုး သုံးစွဲရမှာဖြစ်ကြောင်း၊ တစ်နေ့လုပ်အားခကို (၄၈၀၀)ကျပ်မှ (၆၀၀၀)ကြား သတ်မှတ်ထားကြောင်း နှင့် ရွှေဘိုမြို့နယ်တွင် Cash for Work စီမံကိန်းကျေးရွာ(၆)ရွာရှိပြီး အဆိုပါကျေးရွာ(၆)ရွာမှ ကျေးရွာနေလုပ်သား (၄၈၀)ကျော် အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများရရှိနေကြောင်း ၎င်းမှပြောကြားသည်။

ထွန်းမြင့်အောင်(ရွှေဘို)

https://www.moi.gov.mm/iprd/news/3817