မိုးညှင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် Cash for work စီမံကိန်းကြောင့် အိမ်ထောင်စု ၂၂၀၀ ကျော်ဝင်ငွေရရှိမည်

မိုးညှင်း ဩဂုတ် ၉

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိကျေးရွာ (၁၄) ရွာ ဇူလိုင်လနောက်ဆုံးပတ်မှ ယခုလကုန်အထိဆောင်ရွက်မည် Cash for work စီမံကိန်းကြောင့် အဆိုပါ ကျေးရွာများရှိ အိမ်ထောင်စု ၂၂၀၀ ကျော် အလုပ်အကိုင် အခွင့်အလမ်းများရရှိ၍ ဝင်ငွေရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကိုဗစ် - ၁၉ ရောဂါ၏ အကျိုးသက်ရောက်ခဲ့သည့် ကျေးလက်ဒေသတွေမှာရှိတဲ့ ပြည်သူတွေ မိမိတို့ဒေသအတွင်း အခြေခံအဆောက်အုံတွေ၊ လမ်းတံတားတွေကို ရွာသူရွာသားများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေသည့် အဆိုပါစီမံကိန်းကို ဇူလိုင်လ နောက်ဆုံးပတ် မှစတင်၍ ကျေးရွာ(၁၄)ရွာတွင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြသိန်း ဝင်းကပြောကြားသည်။

 

စီမံကိန်းကျေးရွာ (၁) ရွာကို ငွေကျပ်သိန်း (၁၀၀) နဲ့ ကျေးရွာပေါင်း (၁၄) ရွာမှာ ဇူလိုင်လ နောက်ဆုံးပတ်က စတင်ဆောင်ရွက်နေပြီ၊ လုပ်ငန်းတွေအားလုံး ယခုလအကုန် ပြီးစီးအောင် ဆောင်ရွက်ဖို့ လျာထားတယ်၊ ကျေးရွာ (၁) ရွာကို အနည်းဆုံးလုပ်ငန်း (၂) ခုနဲ့ ကျေးရွာ အားလုံးမှာ လုပ်ငန်း (၃၈) ခု ဆောင်ရွက်ဖို့ လုပ်ငန်းစီမံချက်တွေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ် ဟု ဦးမြသိန်းဝင်းက Cash for work စီမံကိန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မိုးညှင်းမြို့နယ်အတွင်း Cash for work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ အနေဖြင့် ကွင်းကြီး၊ ဘိုကုန်း၊ ဘုံချောင်း၊ အောင်မြေ (စုစည်း)၊ အင်ကြင်းကုန်း၊ မော်ပင့်၊ ထန်းတပင်၊ မမုန်ကိုင်၊ နန့်မီးလောင်၊ ကုန်းမန၊ ဟဲပါး၊ ဟဲပု၊ လုံးစန့်၊ အင်းသာစသည့် ကျေးရွာ (၁၄) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3261