ခင်ဦးမြို့နယ်တွင် Cash for Work စီမံကိန်းအတွက် ကျေးရွာ (၂) ရွာ စတင်အကောင်အထည်ဖော်ဆောင်ရွက်

ခင်ဦး ဇူလိုင် ၃၀

နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရံပုံငွေစီမံကိန်း(VRFP) တို့ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကျေးရွာ(၂)ရွာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကြို့ကန်ကျေးရွာ မြေသားမိုးရေကန်ဟောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်း (၈၁၁၅၅) ကုဗပေနှင့် မြေနီသျှိုကျေးရွာ ရွာလယ်လမ်းမကြီးဘေး ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် ကျောက်ရိုးစီခြင်း (ရေမြောင်း အရှည် ၂၆၄၅ပေ တူး၍ ၄၃၀ ပေ ကျောက်ရိုးစီခြင်း) လုပ်ငန်းများဆောင်ရွက်နေမှုကို ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးမှူး ဦးမြင့်၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများက ဇူလိုင်လ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှု၍ လုပ်ငန်းဆောင် ရွက်နေသော ကျေးရွာပြည်သူများကို အားပေးစကား ပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ခင်ဦးမြို့နယ်တွင် Cash for Work စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း (၁၀၀) စီဖြင့် ထနောင်းကိုင်းကြီးကျေးရွာ၊ ငါးတင်းကြီး ကျေးရွာ၊ သင်ပေါင်းကျေးရွာ၊ သံဘိုကျေးရွာ၊ ကြို့ကန်ကျေးရွာနှင့် မြေနီသျိုကျေးရွာ စုစုပေါင်းကျေးရွာ (၆) ရွာကို အကောင် အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်း သက်သာစေရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေးအတွက် လုပ်အားခများကို ချက်ချင်းပေးချေသည့် စနစ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဦး ကပြောသည်။

စိုးဝေအောင်(ခင်ဦး)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/30/07/2020/id-25747