မိုင်းပျဉ်းမြို့၌ Cash for Work စီမံကိန်းဆောင်ရွက်နိုင်ရေး ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်း ဖွင့်လှစ်

မိုင်းပျဉ်း ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (Cash for Work) စီမံကိန်းဆောင်ရွက်နိုင်ရေး ကျေးရွာအဆင့်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦစိုင်းစိုးဌေးက ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ အကျိုးသက်ရောက်မှုကြောင့် ဝင်ငွေများလျော့နည်း လျှက်ရှိရာ ကျေးလက်နေ ပြည်သူများအား အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများကိုယ်တိုင် ဆောင်ရွက်ကြပြီး မိမိတို့၏ နေ့စဉ်လုပ်အားခဝင်ငွေများ ရရှိလာစေရန်နှင့် ကျေးရွာများ၌ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် (Cash For Work) စီမံကိန်း ဆောင်ရွက်နိုင်ရေး ကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ကျေးရွာ(၆)ရွာမှ သင်တန်းသား/သူ (၃၀)ဦးတို့ တက်ရောက်ကြပြီး နံနက်(၁၀)နာရီမှ ညနေ( ၄)နာရီထိ ၁ရက်တာသင်တန်းဖြစ်ကြောင်းနှင့် (Cash For Work) စီမံကိန်းအား မိုင်းပျဉ်းမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာ (၆)ရွာအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/23/07/2020/id-24825