ဒီးမော့ဆိုမြို့နယ်တွင် “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး” Cash for Work စီမံကိန်းအတွက် ကျေးရွာ ၃၆ ရွာတွင် ဆောင်ရွက်မည်

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသော “ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး Cash for Work စီမံကိန်းများကို နိုင်ငံ တစ်ဝန်း ပြုလုပ်လျက်ရှိရာ ဒီးမော့ဆိုမြို့နယ် ကျေးရွာ(၃၆)ရွာ တွင် လုပ်ငန်းများ ရွေးချယ် ဆောင်ရွက်လျက် ရှိသည်။

“ကျေးရွာ ရွေးချယ်တာတွေကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်ထဲရေး ဌာနက ဝန်ထမ်းတွေ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ မြို့နယ် စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) မှာ ပါတဲ့ ဌာန ဆိုင်ရာက ကိုယ်စားလှယ် အသီးသီးကို ဖိတ်ကြားပြီး ပြုလုပ်ခဲ့ပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစုက ပြောသည်။

ကျေးလက်ဒေသဖြိုးဖွံ့တိုးတက်ရေးဦးစီးဌာနမှ Covid-19 ကာလအတွင်း ကျေးလက်နေ ပြည်သူများ ၎င်းတို့၏ ကျေးရွာတွင် ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦး ဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခပေးချေးခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာ အခြေခံအဆောက်အဦး ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာ ၃၆ ရွာက မိမိတို့ ကျေးရွာ အတွင်းဆောင်ရွက်လိုသည့် လုပ်ငန်းများကို ကျေးရွာသူ၊ ရွာသားများ ကိုယ်တိုင် မဲပေးစနစ်ဖြင့် ရွေးချယ် ဆောင်ရွက်မည် ဖြစ်သည်။

“ ကျမတို့ အခု ကျေးရွာတွေက ဆောင်ရွက်ဖို့ ရွေးချယ်ထားတဲ့ လုပ်ငန်းတွေ စတင်နိုင်ရေးအတွက် ကျေးရွာတွေမှာ မြေပြင် ကွင်းဆင်း တိုင်းတာတာတွေ ကုန်ကျစရိတ် တွက်ချက်တာတွေ ဆောင်ရွက်နေပါတယ်၊ ဒီမော့ဆို မြို့နယ်ထဲက ဒေါရောက်ခူကျေးရွာအုပ်စု လေမအန်းခူကျေးရွာမှာ မူလတန်းကျောင်း မြေထိန်းနံရံ ကာရန်ခြင်း လုပ်ငန်းနဲ့ ပန်ပက်ကျေးရွာအုပ်စု ၊ ကတဲကူကျေးရွာနှင့် ဆောင်လူးကနားကျေးရွာတွေမှာ ကျေးရွာတွင်း မြေသားလမ်း ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ဖို့ တင်ပြထားပါတယ်၊ တခြားရွာတွေ အတွက် လည်း စီမံကိန်း မိတ်ဆက်ပွဲတွေ ကျေးရွာကော်မတီ ရွေးချယ် ပွဲတွေနဲ့ လုပ်ငန်း ရွေးချယ်မှုတွေ ဆက်လက် ဆောင်ရွက် နေပါတယ်” ဟု မြို့နယ် ဦးစီးမှူး ဒေါ်နော်ချောစုက ပြောသည်။

“ဝင်ငွေ ရရှိရေး အလုပ်အကိုင် ဖန်တီးပေး Cash for Work စီမံကိန်းအရ ကျေးရွာသူ၊ ရွာသားများ ကိုယ်တိုင် လုပ်အားဖြင့် ပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အတွက် ကျေးရွာ တစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀ လျာထားပြီး၊ လုပ်ငန်းဆောင်ရွက်ရန် ပစ္စည်း ဝယ်ယူမှုအတွက် ၄၀ ရာခိုင်နှုန်းခန့်နှင့် လုပ်အားခ ၆၀ ရာခိုင်နှုန်းခန့် ပေးချေရန် လျာထားခြင်း ဖြစ်သည်။

သတင်း - ဒီမော့ဆို (ကျေးလက်)

#CERP, #CFW, #DRD, #MOALI