သဲကုန်းမြို့နယ်အတွင်း ကျေးရွာ မြေနီ ကျောက်စရစ်ခင်း လုပ်ငန်းအား ကြည့်ရှု စစ်ဆေး

ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာဘဏ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်း CDD ထောက်ပံ့ငွေနဲ့ အင်းပေါ်ငယ်ကျေးရွာမှာ ကျေးရွာ အထွက်လမ်း မြေနီ ကျောက်စရစ်ခင်း လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိရာမှာ အခုအခါ ၅၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဲဒီ ဦးစီးဌာနကနေ သိရပါတယ်။

အင်း‌ပေါ်ငယ်ကျေးရွာမှာ မြေနီ ကျောက်စရစ်ခင်း လုပ်ငန်း အရှည် ပေ ၁၅၁၀ ၊ အကျယ် ၈ ပေ၊ ထု ၃ ပေ ကို လူထုဗဟိုပြု စီမံကိန်း CDD ထောက်ပံ့ငွေကျပ် ၁၀ ဒဿမ ၉ သန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတွေရဲ့ နည်းပညာ အကူအညီ၊ အနီးကပ် ကြီးကြပ် မှုတို့နဲ့ ကျေးရွာ သူ ကျေးရွာသားတွေ ကိုယ်တိုင် ယခုနှစ် ဧပြီလ ပထမပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

အဲဒီ ကျေးရွာ အထွက်လမ်း မြေနီ ကျောက်စရစ်ခင်း လုပ်ငန်းတွေ ဆောင်ရွက်နေမှုကို သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး ဒေါ်နှင်းယုလွင်၊ လူထု စည်းရုံးရေးမှူး ဒေါ်အေးအေးအောင် တို့က ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေနဲ့အတူ ဧပြီလ ၂၃ ရက် မနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ လုပ်ငန်း အချိန်မှီ ပြီးစီးရေး ရေရှည်တည်တံ့ ခိုင်မြဲစေရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရပါတယ်။

အင်းပေါ်ငယ် ကျေးရွာမှာ မြေနီ ကျောက်စရစ်လမ်း ခင်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးသွားရင် ကျေးရွာမှာ ရှိတဲ့ အိမ်ခြေ ၁၁၃ အိမ်က လူဦးရေ ၃၈၈ ဦး တို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး အကျိုးပြုမှာ ဖြစ်ကြောင်း သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်းက လက်ထောက်နည်းပညာမှူး ဒေါ်နှင်းယုလွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank