မတူပီမြို့၊ ရမ်တိန်းကျေးရွာတွင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မတူပီ စက်တင်ဘာ ၁၈

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၊ ရမ်တိန်းကျေးရွာအုပ်စု၊ ရမ်းတိန်းကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုတင်ပြခဲ့ပြီးနောက် ခရိုင်ဦးစီးမှူး ဦးအာလ်လျန်ထန်က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား ကုန်ထုတ်လမ်း ရေရှည်အသုံးပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းခြင်း အစီအစဉ်များ ထားရှိရန်နှင့် လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုမှာကြားခဲ့သည်။

အဆိုပါကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းသည် အရှည်ပေ ၅၂၈၀ အကျယ်ပေ ၄ ပေဖြစ်ပြီး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း (၁၀၀) ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့က စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီး ဖြစ်သဖြင့် ကျေးလက်ပြည်သူများ စိုက်ပျိုး၊မွေးမြူရေး ထုတ်ကုန်များအား အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း မတူပီမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/11592